CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် လစဉ် လစာ၏ ၂၅ ရာခိုင်နှုန်းအား တရားဝင် လွှဲပို့ထားခြင်းမရှိပါက နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးပေးသည့်အပြင် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း ခံရမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခင်က ပြည်ပထွက်ခွင့်ပိတ်ခြင်းနှင့် OWIC ကဒ် မထုတ်ပေးခြင်းကိုသာ ဥပဒေအရ လုပ်ဆောင်မည်ဟု ပြောဆို ထားခြင်းဖြစ်သော်လည်း ယခုအခါတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးခြင်းအပြင် လိုအပ်သလို အရေးယူ ဆောင်ရွက်မည်ဟု ထပ်တိုးသတ်မှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတော့ဟု သတ်မှတ်လိုက်သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများ အနေ ဖြင့် ၎င်း ၂၅ ရာခိုင်နှုန်းအား မဖြစ်မနေ လွှဲပို့ရမည့် အနေအထားဖြစ်ကြောင်း မလေးရှားရှိ ရတနာစက္ကနာရေး ကူညီမှုအသင်းမှဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပထွက်ကြမည့်သူများကို တွေ့ရစဉ်

“တော်တော်လေးတော့ အခက်အခဲတော့ ရောက်သွားတာပေါ့။ ဒါပေမယ့် သူတို့ကတော့ ထုတ်ပြန်ထားတာ ၂ ချက်ရှိတာပေါ့။ ဒီမှာက ပါမစ်သက်တမ်းကုန်လို့ ဒီမှာ ထပ်တိုးလို့ မရတော့ဘူးဆိုရင်တော့ ဘာမှဆောင်စရာ မလိုဘူး။ အကယ်၍သူတို့ သွားပြီးပြန်လာမယ်ဆိုရင်တော့ တစ်လကို ၃၀ မလေးရှားရင်းဂစ်ပေါ့ ၆ လစာ သံရုံးကို ကိုယ်ကိုယ်တိုင် လာဆောင်ရမယ်ပေါ့။ အဲဒီအပြင် မြန်မာပြည်ကိုလည်း ၆ လစာလွှဲရတယ် မိမိအိမ်ကိုပေါ့လေ။ ဒီမှာ ဝင်ငွေနဲ့ ဒီလောက်ကတော့ လူတိုင်းလိုလို ဆောင်နိုင်ပါတယ်။ ဒါပေမယ့် လုံးဝမဆောင် ရဘူးဆိုရင်တော့ သူတို့အတွက်တော့ ပိုအဆင်ပြေတာပေါ့။ ဒါပမေယ့် ဆောင်ရမယ်ဆိုလည်း အရမ်းကြီးတော့ နစ်နာဆုံးရှုံးမှုများ တော့ မများဘူးပေါ့လေ” ဟု ၎င်းက ပြောသည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် လစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်း အား တရားဝင်လမ်းကြောင်းမှ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ် လွှဲပြောင်းပေးပို့ရမည်ဟု အလုပ် သမားဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်းဖြစ်သည်။

ဝင်ငွေခွန် အပါအဝင် မိသားစုလွှဲပို့ငွေများအား ပေးပို့ကြသည့် ရွှေ့ပြောင်း အလုပ်သမားများရှိကြသော်လည်း နည်းပါးသဖြင့် ယခုကဲ့သို့ ပိုမိုတင်းကြပ်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ထို့ကြောင့် တရားဝင်နည်းလမ်းဖြင့် သွား၍မရပါက တရားမဝင် နည်းလမ်းဖြင့် မရရသည့် လမ်းကြောင်းမှ ထွက်ခွာကြမည်ဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ပြင်ပထွက် အလုပ်လုပ်မည့် သူများကိုတွေ့ရစဉ်

“ဒီဟာက ပွင့်ပွင့်လင်းလင်းပြောရရင် သူ့အကျိုးစီးပွားကိုပဲ ကြည့်နေတဲ့ပုံစံမျိုးပေါ့။ သွားလို့ရတဲ့နိုင်ငံတွေ ကိုတော့ နည်းလမ်းပေါင်းစုံနဲ့ တရားဝင် နည်းလမ်းနဲ့သွားလို့မရရင် တရားမဝင် နည်းလမ်းနဲ့ သွားကြရမှာပဲ။ ကိုယ့်နိုင်ငံမှာ နေလို့မရအောင် သူပဲလုပ်တာလေ။ လေယာဉ်သွားလို့မရတဲ့ နိုင်ငံတွေဆို မသွားတော့ဘူးပေါ့။ ကားနဲ့သွားလို့ရတဲ့ နိုင်ငံတွေဆို ကားနဲ့သွားကြမှာပေါ့။ အခက်အခဲက သူအာဏာသိမ်းကတည်းက နိုင်ငံတကာ ‌ရောက်နေတဲ့ အစုအဖွဲ့တွေမှာ ပတ်စပို့စာအုပ်နဲ့ပတ်သက်ပြီး သက်တမ်းကုန်တာတို့၊ သက်တမ်းသေတာတို့၊ အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်ပြန်လို့မရတဲ့ ပုံစံမျိုးတွေက နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ဖြစ်တယ်။ ဖြစ်တဲ့ အခါကြတော့ ဒါတွေကို ရောက်တဲ့နိုင်ငံတွေကလည်း မြန်မာနိုင်ငံ အခြေအနေပေါ် မူတည်ပြီးမှ ပြန်လည် ကုစားဆောင်ရွက် ပေးတာတွေရှိပါတယ်။ ဥပမာ ကိုရီးယားတို့၊ ဂျပန်တို့ တခြားနိုင်ငံတွေမှာလည်း အလိုအလျောက် သက်တမ်းတိုး ပေးတာမျိုးတို့” ဟု ၎င်းက ပြောသည်။

မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းအား ပြန်လည်ပေးပို့မည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ပြည်ပ အလုပ်အကိုင် အေဂျင်စီများနှင့် အလုပ်သမားများအကြား စံစာချုပ်ကို ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

မိသားစုလွှဲပို့ငွေနှင့်ပတ်သက်၍လည်း လအလိုက်စာရင်း တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို စေလွှတ်ရေး လုပ်ငန်းစဥ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများထံ စာပေးပို့ အကြောင်းကြားထားသေးသည်။