CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉

မလေးရှားတွင် RTK 2.0 ပြန်လည်ဖွင့်လှစ်ပေးရန် မလေးလုပ်ငန်းရှင်များနှင့် အေဂျင်စီများက မလေးရှား လ.ဝ.က ထံ ထပ်မံတောင်းဆိုထားကြကြောင်း မလေးရှားရှိ မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ တောင်းဆိုခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမတစ်ကြိမ် တောင်းဆိုချိန်တွင် မလေးရှား လ.ဝ.က ဘက်မှ တစ်စုံတစ်ရာ ပြန်လည်တုန့်ပြန်ခြင်းမရှိသဖြင့် ယခုကဲ့သို့ ထပ်မံတောင်းဆိုကြခြင်းဖြစ်ကြောင်း၊ သို့သော် မလေးရှား လ.ဝ.က ဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသေးကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

“သူတို့ ဒီ RTK 2.0 မှာ လူဦးရေ အကန့်အသတ်ရှိတာပေါ့။ အဲဒီ အလုပ်သမားဦးရေက ထုတ်ပေးထားတဲ့ စာရင်းမှာ လုံလောက်သွားပြီလို့ ထင်လို့ အခုလိုမျိုး ပိတ်လိုက်ရခြင်း ဖြစ်တယ်လို့ ထင်မိပါတယ်။ အဓိကက မြန်မာအေးဂျင့် တွေက သူတို့ ဒီပါမစ် လုပ်ဆောင်ကတည်းကိုက RTK 2.0 ဖွင့်ကတည်းကိုက ဘယ်နှဦး ဘယ်နှယောက်ဆိုပြီး ကန့်သတ်ချက်တွေ ရှိပြီးသားပါ။ သို့ပေမယ့်လည်း ဒီ RTK 2.0 မှာ မှတ်ပုံတင်တာကတော့ လူတိုင်းမှတ်ပုံတင်လို့ ရတယ်။ အဲဒီမှာမှ တဖြေးဖြေးချင်း စိစစ်ပြီးတော့ ပစ်မှုကျူးလွန်တဲ့ လူတွေကို ဖယ်ထုတ်လိုက်တာတွေရှိသလို လျှောက်လို့ရတဲ့ လူတွေလည်း ရှိတာပေါ့။ အဲဒီအနေအထားမျိုးမှာ လူတိုင်းက ဥပမာ ကုမ္ပဏီတစ်ခုမှာ RTK  2.0 ဖွင့်ပြီးကတည်းက အလုပ်ရုံ၊ စက်ရုံ၊ ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသား ဘယ်နှဦး ဘယ်နှယောက် လျှောက်ပိုင်ခွင့်ရှိလဲ သူတို့ ထုတ်ပြန်ပြီးသား။ သို့ပေမယ့်လည်း မြန်မာအေးဂျင့်တွေက ဘယ်နှယောက်လာလာ သူတို့လက်ခံပြီး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ၅၀ မက အယောက် ၅၀၀၊ ၅၀၀၀ အဲဒီလိုမျိုးခေါ်ဆိုပြီး လုပ်ဆောင်နေတော့ reject ဖြစ်သွားတာတွေလည်း အများကြီး ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မလေးရှား လ.ဝ.ကရုံးကို တွေ့ရစဉ်

မလေးရှားအာဏာပိုင်များမှ ထိုတောင်းဆိုချက်နှင့်ပတ်သက်၍ တုန့်ပြန်ခြင်း မရှိသေးသော်လည်း ပွဲစားနှင့် အေးဂျင့်များမှ လုပ်ကွက်ရှာနေပြီဖြစ်သဖြင့် စုံစမ်းလေ့လာပြီးမှ ဆောင်ရွက်ကြရန် မလေးရှားရှိ မြန်မာများက အကြံပြုကြသည်။

ထို့အပြင် မလေးရှားနိုင်ငံသားများ၏ တိုင်ကြားမှုများကြောင့် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းခွင်များတွင်လည်း ၎င်းနိုင်ငံသားများနှင့် အထောက်အထား ရှိသူများကိုသာ ခန့်အပ် ခြင်းကြောင့် အလုပ်အကိုင် ရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရသည်။

သို့သော် ၎င်းနိုင်ငံသားများသည် အလုပ်သေချာ မလုပ်နိုင်ကြသဖြင့် လုပ်ငန်း၌ လစ်ဟင်းမှုများကြောင့် နိုင်ငံခြား သား ရွှေ့ပြောင်းများကိုသာ ပြန်လည် ခန့်အပ်နေရသည့်အတွက် အလုပ်အကိုင် အနည်းငယ် အဆင်ပြေလာ ကြောင်း ရတနာစက္ကနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကို လက်ဗွေရယူနေစဉ်

“ဒီဘက်မှာက သူတို့ကတော့ discussing လုပ်နေတယ် ကြားတယ်။ အဖြူအမည်းတော့ မထုတ်သေးဘူး။ အလုပ်အကိုင်ပိုင်းတွေက အရင်က ၂ လပိုင်း၊ ၃ လပိုင်း၊ ၄ လပိုင်းကနေ အခု ၆ လပိုင်းလောက်အထိက တော်တော်လေး ခက်ခဲတယ်။ အခု ၇ လပိုင်းကျော်၊ ၈ လပိုင်းက အလုပ်လေးတွေက နည်းနည်းလေး ပြန် ပေါလာပါပြီ။ ဘာလို့ဆို ပြန်တဲ့လူတွေလည်း များလာတယ်။ နောက်ပြီး မလေးလူမျိုးတွေက လုပ်နိုင်ရင်လည်း တစ်လ၊ နှစ်လလောက်ပဲ လုပ်နိုင်တာလေ။ အဲဒီနေရာတွေမှာ လစ်ဟင်းမှုတွေ ရှိလာတာပေါ့။ သူတို့မလုပ်ချင်တဲ့ အလုပ်တွေကိုတော့ ပြန်လုပ်ရတာပေါ့။ နီးနီးစပ်စပ် ကြားရတာကတော့ အခု မလေးရှားအစိုးရက မလေးပြည်သူ တွေရဲ့ တောင်းဆိုချက်အတိုင်း လုပ်လိုက်တယ်။ လုပ်လိုက်ပေမယ့် မလေးလူမျိုးတွေက အလုပ်ကို ထိထိရောက် ရောက် မလုပ်ကြဘူးလေ။ အန်ဝါက သူ့ရဲ့ အစီအစဉ်ကတော့ မင်းတို့မလုပ်လို့ နိုင်ငံခြားပဲပြန်ခန့်ရတယ်ဆိုတဲ့ ပုံစံမျိုး လမ်းပေါက်အောင် ဖောက်နေတာ။ အခု မလေးလူမျိုးတွေက နောက်ပိုင်း complain တက်တာတွေ နည်း လာတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံကူးလက်မှတ် ပြုလုပ်သည့်အခါတွင် စာအုပ်ကြေးမှာ ယခင်ကထက် နှုန်းထား တိုးမြင့်သွားကြောင်း သိရသည်။

ထို့အပြင် ပြည်ပ ထွက်ခွာခွင့်များကို ကန့်သတ်မှုများကြောင့် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသူမှာ ပိုမိုများပြားလာကြောင်းလည်း သိရသည်။