CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူများအတွက် ရက်ချိန်း မှာ ၂၀၂၄ ခုနှစ်အထိ ရောက်နေပြီဖြစ်သဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ အခက်တွေ့နေကြောင်း မလေးရှား၌ နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ၂၀၂၃ ခုနှစ်၊ မတ်လသာ ရှိသေးသဖြင့် မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် နိုင်ငံကူးလက်မှတ် ရက်ချိန်းများသည် ၂၀၂၄ ခုနှစ်အထိ ရောက်ရှိနေခြင်းမှာ အချိန်ကာလအားဖြင့် များလွန်း ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

 

 မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးနေကြသူများကိုတွေ့ရစဉ်

မလေးရှားတွင် နေထိုင်သည့် မွှားမိုက်ကယ်က “ကျနော်တို့ကလည်း ဇွတ်အတင်းကြီး ထုတ်ပေးပါလို့ သွားပြော လို့လည်း မရဘူးလေ။ အဲဒီအတွက် အလုပ်သမားတွေအတွက် တော်တော် အခက်အခဲ ရောက်တာပေါ့။ လက်ရှိ ဒီနိုင်ငံကလည်း RTK သူတို့ရဲ့ ရီကာလီ system နဲ့ ပါမစ်တွေ ထုတ်ပေးနေတဲ့အချိန်မှာ သူတို့ကလည်း စာအုပ်တွေ ကို အဲဒီလို အချိန်ကြာ မြင့်အောင် ဆွဲလိုက်တယ်။ သက်တမ်းတိုးတွေလည်း ဆွဲလိုက်တဲ့အတွက် တော်တော်လေး ဒုက္ခရောက်တယ်။ သူများနိုင်ငံကတောင် ကျနော်တို့ကို နေထိုင်ခွင့်တွေ ပေးတဲ့ အနေအထား မျိုးမှာ ကိုယ့်နိုင်ငံက နိုင်ငံသား ဖြစ်ကြောင်း ဒီပတ်စပို့လေး မလုပ်ပေးနိုင်တာက တော်တော်လေးဆိုးတယ်။ မြန်မာနိုင်ငံသားတွေ အတွက် တော်တော်လေး အခက်တွေ့တာပေါ့။ ဒီမှာလူတွေကလည်း တစ်နေ့နဲ့ တစ်နေ့ အောက်လမ်းတွေ ကလည်း ဝင်တယ်။ လုပ်ငန်းတွေကလည်း ဒီမှာ ရှားပါးနေတယ် အခုလက်ရှိက။ အခုဆိုရင် ပါမစ်တွေ သက်တမ်း ကုန်ဆုံးတဲ့ ၅ လပိုင်း ကုန်မယ့်သူတွေ အခု ၄ လပိုင်းကုန်တဲ့သူတွေ၊ ၃ လပိုင်းကုန်တဲ့သူတွေ တော်တော်များများ ရှိတယ်။ အဲဒါတွေလည်း သူတို့ မထုတ်ပေးသေးဘူး”ဟု ပြောသည်။

နိုင်ငံကူးလက်မှတ် စာအုပ်ထုတ်ပေးသည့် စက်များချို့ယွင်းခြင်းနှင့် စာအုပ် မလောက်ငှသောကြောင့် ယခုကဲ့သို့ ရက်ချိန်းများမှာ နောက်နှစ်အထိ ရောက်သွားခြင်းဖြစ်သည်ဟု မြန်မာသံရုံးဘက်မှ ကြားသိရကြောင်း မလေးရှား တွင် နေထိုင်လျက်ရှိသည့် မြန်မာများက ပြောသည်။

 မလေးရှားရှိ မြန်မာသံရုံးကိုတွေ့ရစဉ်

လက်ရှိတွင် နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးများအပြင် အသစ်ပြုလုပ်သူများမှာလည်း ၇ လ၊ ၈ လခန့် အထိ ကြာမြင့်ကြောင်းလည်း ၎င်းတို့က ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ CNI သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

မလေးရှားတွင် နေထိုင်လျက်ရှိသည့် ကိုစိုးက “အများဆုံးကတော့ Work Permit ရှိတဲ့သူတွေပေါ့။ သူတို့ကတော့ ဒုက္ခရောက်တာပေါ့။ သူတို့က ပါမစ်က သက်တမ်း တိုးတယ်ဆိုတာက ဆက်တယ်ဆိုတာက အနည်းဆုံး တစ်လ နှစ်လလောက် ကြိုဆက်ရတာလေ။ အခုက သူတို့ကပေးတာက ပါမစ်သက်တမ်းကုန်လို့ ဟိုးဘက်ကို ကျော်နေပြီ အဲဒီလိုမျိုးတွေ ပေးတာဆိုတော့ သူတို့တွေ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ အားလုံး ကတော့ စာအုပ်ရ မယ်ဆို လိုချင်ကြတာပေါ့။ အခုက ဒီဘက်မှာက အလုပ်တွေ ဘာတွေက စက်ရုံတွေကလည်း စာအုပ်ရှိမှ ခေါ်တာဆိုတော့ လေ ဒုက္ခရောက်တာပေါ့ အခက်အခဲ ဖြစ်တာပေါ့။ အသစ်လုပ်တဲ့ လူတွေလည်း ၇ လ၊ ၈ လလောက် ကြာတယ်။ အခုဆိုရင် ဟိုနေ့က နာမည်စာရင်း ထွက်လာပြီ ၈ လပိုင်း ၉ လပိုင်းအထိပေါ့ အသစ် လုပ်တဲ့လူတွေ။ ဒါပေမယ့် သူလည်း နာမည်စာရင်း ကျတာပဲရှိတာ နေ့ချင်းထုတ်မပေးဘူး။ ပါမစ်တွေ ဖွင့်ပေးထားလို့ သူဌေးတွေက ပါမစ် တွေ ကပ်ပေးချင်နေတာ အလုပ်သမားတွေကို စာအုပ်တွေ တောင်းနေတာ။ အလုပ်သမားတွေက မပေးနိုင်ဘူး။ မပေးနိုင်ဘူးဆိုတာ သံရုံးကလည်း စာအုပ် လုံလုံလောက်မရှိတော့ ထုတ်မပေးနိုင်ဘူးလေ အချိန်မီ ကာလအမီ အဲဒီလိုဖြစ်နေတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးနေကြသူများကိုတွေ့ရစဉ်

မြန်မာနိုင်ငံသားများအား ယခုလက်ရှိ မလေးရှားနိုင်ငံတွင် လျှောက်ထားခွင့်ပြုထားသည့် ရီကာလီဘရာစီ ပါမစ်(RTK) အမီ နိုင်ငံကူးလက်မှတ်များအား ထုတ်ပေးစေချင်ကြောင်း မလေးရှား၌ နေထိုင်လျက်ရှိသည့် မြန်မာများက ပြောသည်။

ရီကာလီဘရာစီ ပါမစ်(RTK)အား လျှောက်ထားခွင့် သက်တမ်းကာလသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ဖြစ်ကြောင်း၊ ထိုပါမစ် လျှောက်မည်ဆိုပါက နိုင်ငံကူးလက်မှတ်နှင့် အလုပ်ရှင်သူဌေးရှိရန် လိုအပ်သည်။

နိုင်ငံကူးလက်မှတ် ရက်ချိန်းများ ၂၀၂၄ ခုနှစ်အထိ ရောက်ရှိနေခြင်းကြောင့် လက်ရှိ ကြားကာလများတွင် မလေးရှားနိုင်ငံ၌ အဖမ်းအဆီးများ ရှိလာပါက ထိုမြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အဖမ်းခံရနိုင်ကြောင်း မလေးရှားနိုင်ငံမှာ နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် နေထိုင်သည့် မွှားမိုက်ကယ်က“အဲဒါတွေကတော့ သူဌေးတွေနဲ့ အေးဂျင့်တွေနဲ့ သူတို့ တမျိုး တမည်တော့ လမ်းကြောင်းတွေ လုပ်နေတာပဲ။ အတိအကျလည်း ကျနော်တို့ မသိဘူး။ အဲဒီသူဌေးတွေနဲ့ အေးဂျင့် တွေနဲ့ သူတို့နိုင်ငံ Special Pass လိုမျိုး နေထိုင်ခွင့်လေးကို ထုတ်ပေးနေတယ်။ ပိုက်ဆံတော့ နည်းနည်း အကုန် အကျ ပိုများသွားတာပေါ့။ တရားဝင် လုပ်ကိုင်လို့ရအောင် ပါမစ်လေးတွေ နေထိုင်ခွင့်လေးတွေ ရသွားအောင် ဒီစာအုပ်(နိုင်ငံကူးလက်မှတ်) လေးတွေကို အမြန်ဆုံး ထုတ်ပေးစေချင်တာပေ့ါ။ သက်တမ်းတိုးတဲ့ လူတွေရော အားလုံးပဲ။ ပိုက်ဆံတွေလည်း အကုန်အကျ မများအောင်ပေါ့ ပုံမှန်အတိုင်းလေး လည်ပတ်ပြီးတော့ ပေးနေရင် အဆင်ပြေတယ်။ အဲဒီလိုလေး ပေးစေချင်တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာ၌ Work permit ရှိသူများမှာ မလေးရှား ရင်းဂစ်ငွေ ၂၅၀ ခန့်ပေးရကြောင်းနှင့် Work permit မရှိပါက မလေးရှားရင်းဂစ်ငွေ ၅၈၀ ခန့် ကုန်ကျကြောင်း သိရသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်သူများ အနေဖြင့် မလေးရှားရင်းဂစ်ငွေ ၂၈၀ ခန့် ကုန်ကျကြောင်းလည်း သိရသည်။