CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၈

သင်္ကြန်ရုံးပိတ်ရက်ကာလ နီးကပ်လာသည်နှင့် တပြိုင်တည်းမှာပဲ ခရီးပြည်တွင်း ခရီးသွားများသည် ခရီးသွားရန် ကြိုတင်၍ ကားစင်းလုံး ငှားရမ်းမှုများ များပြားလာနေကြောင်း ကားစင်းလုံးငှား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။

ယခင်နှစ် သင်္ကြန်ကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ကားစင်းလုံးငှား၍ ခရီးသွားကြမည့်သူ ပိုများနေကြောင်း၊ တောင်ကြီး၊ အင်းလေး၊ ပုဂံဒေသသို့ အများဆုံး သွားကြကြောင်း သိရသည်။

ထို့နောက် ယခုနှစ်တွင် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကားခဈေးနှုန်းများလည်း တိုးမြင့်သွားသည်ဟု ဇာတိမြေ ကားစင်းလုံးငှား ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ကျတော့ ၃ လပိုင်း ကတည်းကစပြီးတော့ သင်္ကြန်အတွက် စလုပ်နေပါပြီ။ သင်္ကြန်အတွက် ကတော့ ခရီးစဉ်တွေက ဘိုကင်တွေ ကြိုတင်ပြီးတော့ လုပ်ထားကြတဲ့သူတွေ အများကြီးပဲ ကျနော်တို့ ဆီမှာလေ။ အခုကတော့ တောင်ကြီး၊ အင်းလေးဘက်ရယ်၊ ပုဂံဘက်ရယ် အများဆုံး သွားကြတယ်။ ပြီးခဲ့တဲ့နှစ်ထက် စာရင် တော့ ဒါပိုများလာတာပေါ့။ ပြီးခဲ့တဲ့နှစ်ကျတော့ သိပ်မသွားကြဘူး။ အိမ်မှာပဲ နေကြတဲ့သူများတယ်။ ဒီနှစ်ကတော့ နည်းနည်းပိုများတာပေါ့။ အရင်နှစ်တွေနဲ့ စာရင်တော့ နည်းတယ်လို့ ပြောလို့ရပါတယ်။ စက်သုံးဆီဈေး မြင့်သွား တော့ ကျနော်တို့အတွက်က နည်းနည်းတော့ ဒုက္ခရောက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က package တွေ ရောင်းတဲ့ အခါကျတော့ သူတို့တွေ မှန်းပြီး တွက်ထားတဲ့စရိတ်နဲ့ ကျနော်တို့ တကယ်အခု ကားတွေ ယူလို့ရှိရင် လည်း တွက်ထားတဲ့ ဈေးတွေထက် နည်းနည်းလေး ပိုများသွားတာတွေ ကြုံရတယ်။ အရင်တုန်းက ကျနော်တို့ ပုဂံ ဆိုရင် ၁ သိန်းကျော်နဲ့ ရတဲ့ package တွေက အခုကျတော့ ၂ သိန်းကျော်မှ ရတဲ့ package ဖြစ်သွားတဲ့အတွက် ကြောင့် ကျနော်တို့ ကားရဲ့ စက်သုံးဆီဈေးနှုန်း တက်သွားတဲ့အတွက်ကြောင့် ဈေးနှုန်းတက်သွားရတယ်” ဟု ပြော သည်။

ပုဂံဒေသက အလိုတော်ပြည့်ဘုရားကိုတွေ့ရစဉ်

သင်္ကြန်ကာလအတွင်း ချောင်းသာ၊ ငွေဆောင်၊ ငပလီ စသည့် ကမ်းခြေဒေသများသို့ ခရီးသွား များပြားလေ့ ရှိသော် လည်း ယခုနှစ်တွင် ရှမ်းပြည်နယ်နှင့် ပုဂံဒေသသို့ ပို၍ သွားကြရန်အတွက် စီစဉ်နေကြကြောင်း သိရသည်။

ကမ်းခြေဒေသများသို့ သွားသူ အများစုသည် ခရီးသွားလုပ်ငန်းများမှတဆင့် သွားရောက်ကြကြောင်း၊ ပုဂံနှင့် အင်းလေးဒေသသို့ သွားရောက်သူများကတော့ မိသားစုအလိုက် အပါအဝင် ၁၀ ဦးအထက် စီးနင်းနိုင်သည့် ကားစင်းလုံးငှား၍ သွားရောက်ကြကြောင်း သိရသည်။

သင်္ကြန်ကာလ ရောက်ရှိရန် ရက်သတ္တပတ် ၄ ပတ်ခန့် လိုနေသေးသော်လည်း လက်ရှိတွင် ကားစင်းလုံး ငှားရမ်းမှု နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုများ ရှိနေပြီဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းတွင် ထက်ဝက်ခန့်သည် ကြိုတင်ဘိုကင်များ တင်နေကြပြီဖြစ်သည်ဟု လွင်မြန်မာ ခရီးသွားနှင့် ကားစင်းလုံးငှား ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်သူ ကိုရဲတင့်လွင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုရဲတင့်လွင်က “ဘိုကင်အတွက် information လှမ်းစုံစစမ်းတာတွေတော့ ရှိပါတယ်။ ရက် အဲလိုနီးရင်တော့ ဘိုကင်တွေ ဖြစ်နိုင်ပါသေးတယ်။ အခုလည်း information မေးတာတွေတော့ ရှိပါတယ်၊ ဒီအတိုင်း တချို့လည်း အားလုံးမှာ ၁၀၀ ရာခိုင်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်းလုံးလုံးတော့ ဘိုကင်မပေးဘူးဗျ။ ၅၀ ရာခိုင်နှုန်းလောက်တော့ ဘိုကင်လုပ်တာပေါ့ဗျ။ ကျနော် အဲဒီလိုနီးမှပဲ ကျနော် အဲလိုပေါ့ ဘိုကင်တွေကို ဖြစ်တာများတယ်နှစ်တိုင်း။ အဲလို လုပ်တာများတော့ ကျနော် အဲဒီလို ကြိုပြီးတော့ အဲဒီလိုလုပ်တာကို ဟိုဟာ မဖြစ်တာများတော့ဗျ အဲဒီလိုကြောင့်ပါဗျ” ဟု ပြောသည်။

ပုဂံဘုရားကိုတွေ့ရစဉ်

သင်္ကြန်ကာလ နီးကပ်လာသည့် အချိန်တွင် ကားစင်းလုံး ငှားရမ်းမှု ပို၍ ခက်ခဲလာနိုင်ကြောင်း၊ စက်သုံးဆီ ဈေးနှုန်း အခြေအနေများအရ ကားငှားရမ်းခ ဈေးနှုန်းများ ဆက်လက် မြင့်တက်လာနိုင်ကြောင်း၊ ထို့ကြောင့် သင်္ကြန်ကာလ ခရီးသွားရန် ရှိသူအနေဖြင့် ကြိုတင်ဘိုကင်တင်၍ ငှားရမ်းထားရန် လိုအပ်သည်ဟု ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများက အကြံပြုကြသည်။

တချို့သော လူသိထင်ရှားသည့် ကားစင်းလုံးငှား ဝန်ဆောင်မှု လုပ်ငန်းများတွင် ယခုအချိန် ကတည်းကပင် သင်္ကြန်ကာလအတွင်း ခရီးသွားရန်အတွက် ကားစင်းလုံး ငှားရမ်းနေကြပြီဖြစ်သလို ကြိုတင်ဘိုကင်များပင် ပြည့်နေပြီ ဖြစ်ကြောင်း သိရသည်။