CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၆

ရှမ်းပြည်နယ်တွင် မကြာခင်ကျရောက်တော့မည့် သင်္ကြန်ပိတ်ရက်အတွက် ပြည်တွင်း ခရီးသွားများအနေဖြင့် ဟိုတယ်များအား ကြိုတင်ဘိုကင် ယူထားမှု များပြားနေကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ကလော၊ တောင်ကြီး၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်၊ လောက်ကိုင်မြို့တို့၌ ဟိုတယ်များအား ကြိုတင် ဘိုကင်ယူထားမှု များပြားနေခြင်းဖြစ်ပြီး အချို့ဟိုတယ်ကြီးများ၌ ဘိုကင်ယူထားမှုမှာ ပြည့်နေပြီ ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က “အဓိကကတော့ သင်္ကြန်တွင်း မှာပါပဲ။ တချို့လည်း ရန်ကုန်၊ မန္တလေးက လုပ်ငန်းရှင်တွေက စီးပွားရေး ဒီဘက်မှာ ကောင်းတယ်လို့လည်း ကြား တဲ့ အခါကျတော့ သူတို့လုပ်ငန်းပိတ်တဲ့ အချိန်လေးမှာ လာလေ့လာရင်းနဲ့ သင်္ကြန်လည်း လာလည်မယ်ပေါ့ အဲဒီလို မျိုးလေးတွေ တွေ့ရပါတယ်။ ရှမ်းမြောက်မှာတော့ မြို့ကြီးတွေအကုန် တော်တော်များများ ယူထားပါတယ်။ ဧည့် သည်များတဲ့ နေရာတွေ ဖြစ်တဲ့အတွက် demand နဲ့ supply မမျှဘူးပေါ့နော်။ အခန်းတွေ လိုအပ်ချက်ရှိတဲ့ အတွက်။ အဲဒီတော့ ဧည့်သည်တွေ ကြိုတင်ဘိုကင် မလုပ်ရင် ဒီမှာက အဆင်မပြေဘူး။ အရင်တုန်းကတော့ ဒီလို မျိုး သိပ်မရှိခဲ့ဘူးပေါ့နော်။ သင်္ကြန်အတွက် ကြိုတင်ဘိုကင်လုပ်တာတို့ ဘာတို့ သိပ်မရှိဘူးပေါ့။ မနှစ်ကတော့ ဘိုကင်လုပ်တာတော့မရှိဘူး။ ဒါပေမယ့် သင်္ကြန်တွင်းမှာ ဝင်လာတဲ့ ဧည့်သည်တွေတော့ များပါတယ်။ မနှစ်က ပထမ တစ်ရက်၊ နှစ်ရက်တော့ နည်းတယ်ပေါ့။ နောက်ရက်တွေတော့ တော်တော်လေး များလာတာတွေ့ပါတယ်။ ဒီနှစ်သင်္ကြန် ပိတ်ရက်ကတော့ အခုကြည့်ပုံအရဆိုရင် သင်္ကြန်တောင်မှ ရောက်ဖို့ လိုသေးတယ် အခုကတည်းက ဘိုကင်တွေ လုပ်နေတယ်၊ လုပ်ထားတာလေးတွေ ရှိတယ်။ နီးရင် ဒီထက် ပိုများ မယ်လို့ ထင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေအင်လေး ရေပေါ် သင်္ကြန်ပွဲတော်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ပိတ်ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွား ဦးရေမှာ ၅၀၀၀ ဝန်းကျင်သာ ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ထိုပမာဏထက် များပြားမည်ဟု ခန့်မှန်းထားကြောင်း လည်း သိရသည်။

ယခုနှစ်တွင် ရှမ်းပြည်နယ်၌ သင်္ကြန်အတွက် မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်တို့အပြင် အခြားသော အစီအစဉ် များလည်း လုပ်ဆောင်ရန် သက်ဆိုင်ရာ အာဏာပိုင်များမှ ဆွေးနွေးနေလျက်ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ကျနော်တို့ ဒီနှစ်ကိုတော့ အချိန်လေး နည်းနည်း စောင့်ကြည့်ရမယ် ထင်တယ်။ ဘာလို့ဆို ဒီဘက်မှာ အခု ကြားတာပေါ့နော် ရေပေါ်သင်္ကြန်လုပ်မယ်တို့ ညောင်ရွှေ အင်းလေးမှာဆိုလည်း၊ ဒီဘက်တောင်ကြီးမြို့ဘက်မှာ ဆိုလည်း မဏ္ဍပ်တွေဘာတွေ လုပ်ဖို့ အစည်းအဝေးထိုင်နေတဲ့ သတင်းတွေ ဘာတွေလည်း ကျနော်တို့ တွေ့နေ ကြားနေရတာပေါ့။ အဲဒီတော့ အဲဒါတွေ အတည်ဖြစ်ပြီ public ကို ချပြပြီဆိုရင်တော့ အပြောင်းအလဲတော့ ရှိနိုင် တာပေါ့နော် မနှစ်က အနေအထားနဲ့ဆိုရင်။ တခြားသင်္ကြန်နဲ့ပတ်သက်တဲ့ activities တွေကို လုပ်လာမယ် ဆိုရင် တော့ အနေအထားလေးက တမျိုးဖြစ်ရင် ဖြစ်သွားမှာပါ။ သင်္ကြန်နဲ့ပတ်သက်လို့ နည်းနည်း စည်စည် ကားကား လေးဖြစ်အောင် လုပ်မယ်ဆိုတဲ့ information လေးတွေတော့ ရထားတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုမျိုးလဲဆို တာတော့ ကျနော်လည်း အတိအကျ မသိသေးဘူး။ နာမည်ရှိတဲ့ image ရထားပြီးသား ဟိုတယ်တွေကတော့ ကြိုတင်ဘိုကင်တွေ ပြည့်နေပြီ ဆိုတာမျိုးတွေ မေးကြည့်တော့ ပြောလာတာမျိုးတွေ ရှိတာပေါ့။ အဓိကကတော့ ညောင်ရွှေကိုတော့ ဧည့်သည်ဝင်ဖို့ပေါ့နော် overnight visitor လေးတွေ ပိုရအောင် အဲဒါမျိုးလေးတွေ နည်းနည်း စဉ်းစားနေတဲ့ အပိုင်းတော့ ရှိတယ်”ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေအင်လေး ရေပေါ် သင်္ကြန်ပွဲတော်

ထို့ကြောင့် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် သင်္ကြန်ပိတ်ရက် ကာလများတွင် လာရောက်တည်းခိုသည့် ခရီးသွား များအတွက် ယခုထက် ပိုမို ကောင်းမွန်သည့် ဝန်ဆောင်မှုများ၊ လုံခြုံရေးပိုင်းများအား ဆောင်ရွက်ပေးရန် လိုကြောင်း ဟိုတယ်လုပ်ငန်းရှင်များက အကြံပြုသည်။

မကြာခင် ရောက်ရှိမည့် သင်္ကြန်ပိတ်ရက်များအတွက် ယခုကတည်းက ကမ်းခြေဒေသများတွင် ဟိုတယ် ဘိုကင်ယူထားမှုများ ပြည့်နေပြီဖြစ်သကဲ့သို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ပုဂံဒေသတွင်လည်း ဟိုတယ်ဘိုကင် ယူထားမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။