CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆

ပြည်တွင်း ခရီးသွားများ ခရီးသွားလာနေစဉ် နယ်မြေမလုံခြုံမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခြင်းနှင့် သေဆုံးမှု များရှိခြင်းက မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းအတွက် အခြေအနေဆိုးနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် နှစ်က ဘုရားဖူး ခရီးသွားအချို့ ဗုံးပေါက်ကွဲမှုနှင့် လက်နက်ထိမှန်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများ ကြုံတွေ့ ခဲ့သည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်းများ ပြန်လည် အရှိန်ယူနေစဉ်မှာပဲ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထပ်မံ၍ ကျိုက်ထီးရိုး ဘုရားဖူး ယာဉ်တစ်စီး ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံခဲ့ရ ပြန်သည်။

ထိုဖြစ်စဉ်များကြောင့် နိုင်ငံတကာ၏ ပုံရိပ်တွင် ထိခိုက်သွားပါက ရှေ့လျှောက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ အခြေအနေ ဆိုးသွားနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ကျိုက်ထီးရိုး ဘုရားဖူးယာဉ် ပစ်ခတ်တိုက်ခိုက်ခံရမှုကို ပြသထားစဉ်

၎င်းက “မကြာခင်အတွင်းမှာ အာဆီယံခရီးသွားပြပွဲ လုပ်မယ်၊ အာဆီယံဒေသတွင်းမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ ခရီးသွားကုမ္ပဏီတွေက ဒါမျိုး မေးမြန်းတာမျိုးတွေ ရှိလာနိုင်တယ်။ စိုးရိမ်ပူပန်မှုမျိုးတွေ ဒါဖြစ်နိုင်တယ်။ ဒီဟာ အတွက်တော့ ခရီးသွားလုပ်ငန်းတွေ သွားရောက်ပြသပေမယ့်လည်း ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုမျိုး မရ တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်သွားရင်လေ။ ကျနော်တို့လည်း အများကြီး သတိထားရမယ့် ကိစ္စလိုမျိုး ဖြစ်သွားပါပြီ။ ကျနော်ကလည်း အဲဒီဟာကို ပိုစိုးရိမ်တာပါ။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံဆိုရင် ပုံမှန်အားဖြင့်ဆိုရင် ဝင်ရောက်မှု အများဆုံးပဲ။ လက်ရှိ မြန်မာနိုင်ငံကို ဝင်ရောက်မှု အများဆုံး ဖြစ်နေတဲ့ နိုင်ငံပေါ့နော်။ အခု မကြာခင် မှာလည်း ထပ်မံပြီးတော့ ဝင်လာမယ့် တရုတ်နိုင်ငံက ရှိတယ်ပေါ့။ ဒီနိုင်ငံသားတွေ အားလုံးက ကျိုက်ထီးရိုးကို သွားလေ့ ရှိတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံသားတွေသည် ကျိုက်ထီးရိုးကို မဖြစ်မနေ သွားကြတယ်။ သူတို့ ခရီးစဉ် ထဲမှာ ရန်ကုန်ပြီးရင် ကျိုက်ထီးရိုး ခရီးစဉ်တွေပဲ များတယ်။ အဲဒီတော့ အခုလက်ရှိ အများဆုံး ဝင်ရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ဈေးကွက်ပေါ်မှာ ထိခိုက်သွားမယ်။ နောက် မကြာခင် အတွင်းမှာ တရုတ်နိုင်ငံက လာမယ့် ခရီးစဉ်တွေ ပေါ်မှာလည်း ဒါ ထိခိုက်မှုဖြစ်သွားမယ်။ တရုတ်နိုင်ငံက ခရီးသွားတွေဆိုလည်း ရန်ကုန်၊ မန္တလေးနဲ့ ကျိုက်ထီးရိုးလောက် သွားကြတာများတယ်။ ပဲခူးပေါ့။ ဒီ ခရီးသွား အများဆုံး ဝင်ရောက်နေတဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံတွေမှာတော့ ဈေးကွက်မှာတော့ တော်တော်ကြီး ထိခိုက် သွားနိုင်ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံပေါ့ နော်”ဟု ပြောသည်။

ပြည်တွင်း/ပြည်ပ ခရီးသွားများကိုတွေ့ရစဉ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့က ကျိုက်ထီးရိုးဘုရား ဖူးမြှော်ရန် လာရောက်သည့် ဘုရားဖူး မော်တော်ယာဉ် တစ်စီးသည် ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိုယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဘုရားဖူး ခရီးသွား ၁ ဦး သေဆုံး၍ ၇ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ကျိုက်ထီးရိုး တောင်တက်ကားဂိတ်တွင် ပစ်ခတ်ခံခဲ့ရ၍ ခရီးသွားအမျိုးသမီး ၃ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသေးသည်။

ယခုကဲ့သို့ အပြစ်မဲ့ ခရီးသွားများ ထိခိုက်ခံရမှုများသည် နိုင်ငံ၏ပုံရိပ်အတွက် မကောင်းကြောင်း၊ ထိုသေဆုံး ထိခိုက် ဒဏ်ရာ ရရှိသူများသည် ပြည်ပခရီးသွားများဖြစ်ပါက ၎င်းတို့နိုင်ငံဘက်မှ တစ်စုံတစ်ခု လုပ်ဆောင် နိုင်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ်ပေါ့ မည်သည့် နိုင်ငံသားမဆို ဒီနိုင်ငံမှာ လာဖြစ်ရင်တော့ သူတို့နိုင်ငံ ဘယ်နိုင်ငံ ကမှ လက်ခံမယ်လို့တော့ မထင်မိဘူး။ သူတို့လည်း တစ်ခုခုတော့ တောင်းဆိုလာမယ်၊ တစ်ခုခု အရေးယူတာ၊ တစ်ခုခုပေါ့လေ။ အဲဒီလို ဖြစ်လာနိုင်တယ်လို့တော့ သုံးသပ်မိတယ်ပေါ့။ နိုင်ငံတစ်ခုနဲ့ တစ်ခုတော့ မတူလောက် ဘူးပေါ့။ ဒါ G to G ဆွေးနွေးတဲ့ အချက်ပေါ် မူတည်တယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒီလိုကိစ္စမျိုးက ဘယ်လို မှ မဖြစ်တာတော့ အကောင်းဆုံးပေါ့။ ဒါမျိုးကိစ္စတွေကို ရှောင်ကြဉ်တာတော့ အကောင်းဆုံးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ သူသူကိုယ်ကိုယ်ပေါ့ ဘယ်နိုင်ငံသားမဆို ကျနော်တို့လည်း နိုင်ငံတစ်နိုင်ငံကို သွားလည်မယ်ဆိုရင် အဲဒီနိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကိစ္စတွေ၊ ဘယ်လောက်ထိ safety ဖြစ်မယ်ဆိုတဲ့ ကိစ္စတွေပေါ့။ အဲဒါတွေကအစ ကျနော်တို့ အရင်တွေးပါတယ်။ ကျနော်တို့လည်း အဲဒီလို သုံးသပ်သလို နိုင်ငံတကာကနေလာတဲ့ ခရီးသွား ဧည့်သည်တွေလည်း မြန်မာနိုင်ငံကို လာရင် အဲဒီလိုတွေးပြီး လာမှာဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးတွေ ဖြစ်နေရင် တော့ ၂၀၂၃ မှာ လာဖို့ကတော့ တော်တော်လေး ခက်ခဲမယ်လို့ သုံးသပ်မိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်စေရန် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အဓိက အများဆုံးသွားရောက်သည့် ခရီးသွားနေရာ ဒေသများတွင် လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ အခြားနိုင်ငံများကဲ့သို့ တာဝန်ယူမှု ရှိသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် လုပ်ငန်းရှင် များက ပြောသည်။

 ဦးပိန်းတံတားပေါ်က ပြည်တွင်းခရီးသွားများကိုတွေ့ရစဉ်

ခရီးသွားလုပ်ငန်းရှင်တစ်ဦးက “လုံခြုံမှုပေါ့။ unsafe destination ဆိုတဲ့ မလုံခြုံတဲ့ ခရီးစဉ်တွေ စဖြစ်လာမယ် အခုလိုမျိုးပေါ့။ ဒါတွေက အိန္ဒိယတို့မှာလည်း ကြုံတာပဲလေ ခဏတဖြုတ် ကားဗုံး တိုက်တာတွေ၊ ခြုံခိုတိုက်တာ တွေ၊ မိုင်းခွဲတာတွေက ဟိုးကတည်းက ရှိတာ။ သူတို့ဧည့်သည်တွေ စဉ်ဆက်မပြတ် သွားနေတယ်။ ဘာလို့ဆို သူက ပိုပြီးတော့ လုံခြုံမှုပေးတယ်၊ တာဝန်ယူမှု လုပ်ပေးတဲ့ အတွက်ကြောင့် ဒါတွေက အဆင်ပြေတယ်။ ကျနော် တို့ဆီမှာကြတော့ အခြေအနေတွေက တစ်မျိုးဖြစ်နေတယ်။ မဖြစ်မနေ သွားချင်တဲ့ သူကတော့ သွားမှာပဲ လာမှာ ပဲ။ ဒါပေမယ့် ဒီဟာတွေကြောင့် နည်းနည်းတော့ ဟိုဟာဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ထိုင်းမှာလည်း ဝင်ပစ်သွား တာပဲ ကျောင်းမှာ ကလေးတွေ နယ်တွေမှာ။ ဒါတွေဆိုလည်း ဘယ်သူမှ မသွားရဲတော့ဘူးတော့ မဟုတ်ဘူးပေါ့။ အစိုးရဘက်ကလည်း ပိုမိုပြီး လုံခြုံရေးတွေ ပေးတယ်၊ ပိုမိုပြီးတော့ စိစစ်တဲ့ အခြေအနေတွေ ရှိတော့လည်း ကျနော်တို့ ပိုပြီး ကျေကျေနပ်နပ်ကြီး ဖြစ်သွားတယ်ပေါ့ ခံယူတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ခရီးသွား လုပ်ငန်းရှင်များ အနေဖြင့် ယခုနှစ် ခရီးသွားရာသီတွင် ပြည်ပခရီးသွား ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် များနိုင်သည်ဟု ခန့်မှန်းထားကြသော်လည်း ယခုဖြစ်စဉ်ကြောင့် နည်းပါးသွားနိုင်ကြောင်း သုံးသပ်ကြ သည်။

မြန်မာနိုင်ငံသို့ နှစ်စဉ် ခရီးသွား လာရောက်မှုတွင် တရုတ်က အများဆုံးဖြစ်သော်လည်း ယခုလက်ရှိ၌ ထိုင်းနိုင်ငံ သား ခရီးသွား ဝင်ရောက်မှုသည် အများဆုံးဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။