CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄
ပြင်သစ်နောက်ခံလူ အူပါမီကာနိုဟာ ဇန်နဝါရီမှာ ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေနဲ့ အဝေးမှာနေခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ အလွန်ပျော်ရွှင်နေဆဲလို့ ပြောခဲ့ပါတယ်။
အူပါမီကာနိုက “ကျနော် ဒီမှာအလွန်ပျော်ရွှင်သလို နည်းပြကွန်ပနီရဲ့ လက်အောက်မှာ ကစားရတာ ပျော်ဖို့ ကောင်းပါတယ်။ ကျနော်ဟာ ငွေကြေးနဲ့ ဆုံးဖြတ်သွားမှာ မဟုတ်ဘဲ ဘိုင်ယန်မြူးနစ် ဒါရိုက်တာတွေနဲ့ စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ ကျနော် ကျေနပ်မှုရှိပြီး အသင်းအတွက် အရာအားလုံးပေးထားပါတယ်။ ကျနော် ဒါကို နောက်ထပ်အကြိမ် ၁၀၀ လောက်ပြောနိုင်ပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့ ပါတယ်။
၂၀၂၁ ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းကနေ ရောက်လာခဲ့တဲ့ အူပါမီကာနိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်နေရပြီး အသင်းနဲ့အတူ လိဂ်ဖလား ၃ ကြိမ်၊ ဂျာမန်စူပါဖလား ၃ ကြိမ်ရရှိထားတာပါ။

အူပါမီကာနိုကို တွေ့ရစဉ်
ဒါပေမယ့် အူပါမီကာနိုနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စာချုပ်ဟာ နောက်ထပ် ၆ လသာ ကျန်ရှိတော့ပြီး စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။
ရီးရယ်လ်၊ အင်တာမီလန်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိလာနိုင်တဲ့ အူပါမီကာနိုရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေကြတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ အူပါမီကာနိုကို ယူရိုသန်း ၆၀ တန်ကြေး သတ်မှတ်ထားပေမယ့် စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ရင် ဇန်နဝါရီမှာ ရောင်းချမလား ဒါမှမဟုတ် ရာသီကုန်ချိန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးမလားဆိုတာ ဆုံးဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာကတော့ အူပါမီကာနိုကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ အခုလအစောပိုင်းက အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ကွန်ပနီကလည်း အူပါမီကာနိုကို အသင်းမှာ ဆက်ထိန်းသိမ်းချင်ပေမယ့် သူတစ်ဦးတည်း ဆုံးဖြတ်ချက်ချလို့ မရဘူးလို့ ပြောခဲ့ပါတယ်။
Source: Metro
