CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၄

မြန်မာ-ရုရှား လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမှု ခရီးစဉ်အနေဖြင့် ရန်ကုန်လေဆိပ်-မန္တလေးတံတားဦး လေဆိပ်မှတဆင့် ရုရှားနိုင်ငံ၊ နိုဗိုဆီဘီရက်စ်ခ် ခရီးစဉ်အား စက်တင်ဘာ ၅ ရက်နေ့တွင် MAI လေကြောင်းလိုင်းမှ စတင်ပြေးဆွဲမည် ဖြစ်သည်။

မြန်မာ-ရုရှား လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမှုအား ယခုကဲ့သို့ စက်တင်ဘာလတွင် စတင် အကောင်အထည် ဖော် ပြေးဆွဲနိုင်ခြင်းသည် ကောင်းမွန်သော်လည်း လေကြောင်းလိုင်းတစ်ခုသည် သတ်မှတ်ပမာဏ ခရီးသည် ဦးရေပြည့်မှသာ ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရုရှားလေယာဉ်တွေ လေကြောင်းလိုင်း လောကမှာလည်း စီးပွားရေးမှာလည်း တော်တော်ထိခိုက်သွား တယ်။ အဲဒီအချိန်မှာ ဘယ်လိုပဲပြောပြော ဗမာပြည်ဘက်က အရဲစွန့် ပျံတယ်ပေါ့။ ရုရှားဘက်ကလည်း ပျံဖို့တော့ လုပ်နေတာပေါ့နော်။ ဒါပေမယ့် မအောင်မြင်သေးပါဘူး။ ညှိနှိုင်းမှုတွေပဲရှိတယ်။ အဲဒီတော့ မြန်မာပြည်ဘက်က ပျံတယ်ဆိုတာ ဒီဟာကိုဘယ်လောက် sustain လုပ်နိုင်မလဲဆိုတာ ကြည့်ရမှာပါ။ အဓိကက Third country တွေ လည်း အရေးကြီးပါတယ်။ မြန်မာချည်းပဲ အားကိုးလို့ မရပါဘူး။ အခုကတော့ သူတို့ စပြေးကြည့်မှာပေါ့။ ပြေး ကြည့်လို့ ရေရှည်ခံနိုင်မယ်ဆိုတာ လူပြည့်ဖို့လည်း ဆိုင်တယ်။ ၇၀ ရာခိုင်နှုန်းပြည့်မှပဲ ရမှာ။ ဒါကတော့ MAI အနေ နဲ့တော့ ပထမဆုံး ရုရှားခရီးစဉ် ချဲ့ကြည့်တာကတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ရေရှည်ခံနိုင်ဖို့အတွက် ကတော့ အများကြီး ပြင်ဆင်ရမှာတွေ ရှိတယ်။ ဒါကတော့ မှန်းဆလို့ မရဘူးပေါ့။ နှစ်နိုင်ငံလုံးမှာလည်း သူ့ဟာနဲ့ သူ အခက်အခဲတွေရှိတဲ့ အချိန်ဖြစ်လို့ပါ” ဟု ပြောသည်။

နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ်

လက်ရှိတွင် မြန်မာနိုင်ငံမှ Visa Free ပေးထားသည့် နိုင်ငံများထဲတွင် ရုရှားနိုင်ငံလည်း ပါဝင်နေသည့်အတွက် ယခုကဲ့သို့ လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် တိုးတက် ကောင်းမွန်လာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။

လက်ရှိ မြန်မာ-ရုရှား ခရီးစဉ်ကို MAI လေကြောင်းလိုင်းမှ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း ပျံသန်းပြေးဆွဲ သွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားအနေဖြင့် အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာ သတ်မှတ်ထားသည်။

မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲမှုတွင် ခရီးစဉ်လမ်းကြောင်းသစ်ကို မြန်မာနိုင်ငံရှိ နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ၊ ညောင်ဦး ခရီးစဉ်တို့နှင့်လည်း ချိတ်ဆက် ဆောင်ရွက်ပေး သွားရန်ရှိကြောင်း သိရသည်။

ထိုခရီးစဉ်လမ်းကြောင်းမှတဆင့် ရုရှားနိုင်ငံမှ ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေ ဆိပ် ၊စင်ကာပူ၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကာလကတ္တား တို့အထိ အဆင်ပြေစွာ ချိတ်ဆက်၍ ခရီး သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က “အဓိကကတော့ မိုးတွင်းကာလဆိုတော့ ဟိုတယ်အကုန်လုံးတောင် မဖွင့်ထားဘူး။ တချို့ဟိုတယ်တွေကလည်း ထုံးစံအတိုင်းပဲ လာမယ့် ပွင့်လင်းရာသီအတွက် ရပ်နားပြီးတော့ ပြင်နေကြတာပေါ့။ ဒါပေမယ့် ပွင့်လင်းရာသီမှာ တော့ အကုန်လုံး ready ဖြစ်မှာပါ။ နောက်တစ်ခုက သူတို့ FAM-Trip တစ်ခုလည်း လုပ်ဖို့လည်းရှိတယ်။ ရုရှား tourism အဖွဲ့တွေနဲ့လေ။ အဲဒီ FAM-Trip လည်း သူတို့လာဖို့ရှိပါတယ်။ ကာလကတော့ အသေအချာမပြောနိုင် သေးဘူး။ သူတို့ စီစဉ်နေတုန်းပဲရှိသေးတယ်။ သက်ဆိုင်ရာ ခရီးစဉ် ဒေသတွေကို FAM-Trip လာလိုက်လို့ရှိရင် အဲဒီအတွက်တော့ ပြင်ဆင်ပြီးသာဖြစ်သွားမှာပေါ့” ဟု ပြောသည်။

ထို့အပြင် ကိုဗစ်မတိုင်ခင်ကာလ ၂၀၁၉ ၌ မြန်မာနိုင်ငံမှ ရုရုားသို့ သွားရောက်သည့် နှုန်းထားမှာ ၄၀၀ ဦးရေ ခန့်သာရှိပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ရုရှားခရီးသွားမှာ ၄၀၀၀ ကျော် ရှိခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် ရုရှားနိုင်ငံမှ စီးပွားရေးနှင့် အခြားအကြောင်းများကြောင့် လာရောက်မည့်သူများမှအပ အမှန်တကယ် ခရီးသွား များ လာရောက် နိုင်ပါ့မလားဟု မေးခွန်းထုတ်စရာရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။