CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆

တရုတ်နိုင်ငံသားများကို ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာမှု ခွင့်ပြုသည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်လာ သည်ဟု တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်ရန်အတွက် ယခင်ကပေးခဲ့သည့် ဆိုက်ရောက်ဗီဇာကို ပြန်လည်ခွင့်ပြုပေးရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

တရုတ်နိုင်ငံတွင် မြန်မာသံရုံး ၃ ခုသာ ရှိသည့်အတွက် တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရာတွင် ဗီဇာအတွက် အဆင်မပြေမှုများ ရှိနေခြင်းကြောင့် ဆိုက်ရောက်ဗီဇာဖြင့် ခွင့်ပြုပေးသင့်ကြောင်း၊ ထို့နောက် ပြည်တွင်းရှိ ခရီးသွားဧည့်လမ်းညွှန်များနှင့် ချိတ်ဆက်၍ သွားလာရမည့် မူကို သတ်မှတ်ပေးစေလိုကြောင်း Myanmar Voyages International Tourism ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လာတဲ့ဧည့်သည်တွေကလည်း လေယာဉ်တွေနဲ့ လာတယ်။ ဒါကိုလည်း ခွင့်ပြုမယ်။ နောက် ဟိုတုန်းကလို Visa on arrival ပေးမယ်ပေါ့။ အခုလည်း ပေးဖို့အတွက် ဆွေးနွေးထားတာ ရှိပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဧည့် သည် တွေအတွက် အဆင်ပြေတယ်။ နောက် ဧည့်သည်လာရောက်မှုကိုလည်း Free တော့ မပေးသင့်သေးဘူး။ Visa on arrival တော့ ပြန်ပေးသင့်တယ်ဆိုပြီးတော့ အိန္ဒိယနဲ့ တရုတ်ကို ဟိုတုန်းကပေးခဲ့သလို ပေးဖို့တော့ ပြော ထားပါတယ်။ ဘာလို့ဆို တရုတ်နိုင်ငံက အကျယ်ကြီးကို။ မြန်မာသံရုံးရှိတာကလည်း နန်နင်း၊ ကူမင်းနဲ့ ဒီဘက်က ပီကင်း ၃ နေရာလောက်ပဲ ရှိတော့ အဲဒီမှာ ဗီဇာ သွားယူဖို့ဆိုတာလည်း သိပ်မလွယ်ဘူးပေါ့နော်။ on arrival ပေး နိုင်ရင်တော့ ကောင်းပါတယ်။ နောက် လေကြောင်းလိုင်းတွေကလည်း အခု ချဲ့လာတာပေါ့နော်။ တရုတ်ကလည်း ပျံတာ ၃ လိုင်းမကဘူးထင်တယ်။ ဒါတွေကလည်း သူ့အတွက် အထောက်အပံ့တွေ ဖြစ်တာပေါ့။ ဒါပေမယ့် ရိုးရိုး ဒေါ်လာတွေ မပါဖို့အတွက်ဆိုရင်တော့ လာတဲ့ဧည့်သည်တွေကို Tour အေးဂျင့်တွေနဲ့ ချိတ်ဆက်မယ်။ Guide နဲ့ Tour တွေနဲ့ သွားမယ်။ သူ့ဆီက Guide နဲ့ Tour တွေသာမကဘဲနဲ့ ကိုယ့်ဆီကပါ ပါရမယ့်မူတွေ ရှိရင်တော့ ကောင်းတာပေါ့နော်” ဟု ပြောသည်။

ပုဂံဘုရားဖူးများကိုတွေ့ရစဉ်

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ တရုတ်နိုင်ငံက ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာမှုများကို ဆိုင်းငံ့ထားခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံက ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သည်။

တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် မန္တလေးမြို့သို့ အများဆုံး သွားရောက်လေ့ရှိပြီး ထိုမှတဆင့် ပုဂံ၊ ရှမ်းပြည်နယ်နှင့် ကမ်းခြေဒေသများသို့ သွားရောက်ကြကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နယ်မြေတည်ငြိမ်မှု အားနည်းခြင်းကြောင့် မန္တလေးမှတဆင့် ပုဂံသို့ သွားရောက်ရန် အဆင် မပြေသေးကြောင်း၊ မန္တလေးနှင့် ပုဂံကို ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲပေးမှသာ အဆင်ပြေနိုင်မည်ဖြစ် ကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ခက်တာက ပုဂံကို လေယာဉ်က မလာဘူးဖြစ်နေတာ။ မန္တလေးပဲ လာလိမ့်မယ်။ အဲဒီတော့ မန္တလေး - ပုဂံ ကျတော့ ကားနဲ့ပဲ လာရတော့မှာ။ ကားလမ်းတွေကလည်း အဆင်ကမပြေဘူး။ လမ်းက မြင်းခြံ၊ နွားထိုးကြီး ဖြတ်ရတာ။ နွားထိုးကလည်း ခဏခဏ ဖြစ်နေတာ။ လာရင် ကားလမ်းခရီးကတော့ မကောင်းဘူး။ 
အကယ်၍များ အန်ကယ်တို့က မန္တလေး - ပုဂံ၊ ပုဂံ - မန္တလေးကို လေယာဉ်အသေးလေးတွေ ဆွဲပေးရင်တော့ ကိုက်တာပေါ့။ ဧရိယာ ၇၂ လေးတွေပေါ့။ ဒါပေမယ့် အဲဒီလောက်ထိအောင်လည်း လုပ်ပေးမယ် မထင်ပါဘူး။ ဒီအပေါ်မှာ ဒီလောက်ထိ သူတို့ မလုပ်ဘူး။ ဘာလို့ဆို သူတို့က ဒီ Field ထဲကလူတွေလည်း မဟုတ်ဘူး။ နောက် ဝန်ကြီးက လည်းပဲ အခုမှ ဒီ Field အကြောင်းကို ဘာမှမသိတဲ့သူ။ ကိုယ်ပိုင်တည်းခိုခန်းတောင် မရှိတဲ့သူဆိုတော့ ဟိုတယ် အကြောင်းလည်းမသိ၊ ခရီးသွားလုပ်ငန်းအကြောင်းလည်း မသိဘူးလေ။ ဝန်ကြီးကလည်း အစိမ်းကြီးတွေ အခုမှ စရောက်တာဆိုတော့ သူက ဒါမျိုးကို Plan တွေ ဆွဲတော့မယ်ဆိုလို့ရှိရင်လည်း Plan ဆွဲမယ့် ပြည်ထောင်စုဝန်ကြီး က တော်တော်ဩဇာအာဏာ သက်ရောက်တဲ့သူမျိုးမှ ရမယ်။ ပို့ဆောင်ရေးအပေါ်မှာလည်း ဩဇာသက်ရောက်ရ မယ်။ အဲဒီလိုမျိုးမှ ဖြစ်မှာလေ။ မဟုတ်ရင် မလွယ်လောက်ဘူး။ လာရင်လည်းပဲ မန္တလေးလောက်တော့ ရောက်မှာ ပေါ့။ ဒါပေမယ့် အန်ကယ် သိတာကတော့ ဧည့်သည်က ပုဂံလာချင်တာ သူတို့က။ မန္တလေး - ပုဂံတို့၊ ပုဂံ - ကလော တို့ ကားနဲ့ သွားဖို့ဆိုတာ ဘယ်လိုမှ Infortable မဖြစ်နိုင်ပါဘူး။ အကယ်၍များ ပုဂံကို ၄ ကြိမ်လောက် ပျံရင် ရတယ် ပြည်တွင်းလေကြောင်းလိုင်းက။ တစ်ပတ်ကို ၄ ကြိမ်လောက် ပျံရင်တော်ပြီ။ နေတိုင်း ပျံစရာမလိုဘူး ၇ ရက်ကို။ ၄ ရက်လောက် ပျံရင် နည်းသွားပြီလေ။ ၁ ညအိပ်တို့၊ ၂ ညအိပ်တို့ ပုဂံမှာ နေလို့ရသွားပြီ။ ကားလမ်းက အန်ကယ်တို့လည်း မလုပ်ရဲဘူး။ မတော်တဆ တစ်ခုခုဖြစ်လိုက်ရင် အားလုံး ဒုက္ခများပြီ” ဟု ပြောသည်။

နေပြည်တော်ရှိ ဟိုတယ်တစ်ခုရှေ့မှာ လုံခြုံရေးယူထားစဉ်

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှုသည် လတ်တလောတွင် နည်းပါးနေခြင်းကြောင့် တရုတ်ခရီးသွား များ အဖွဲ့လိုက် ဝင်ရောက်လာမည်ဆိုပါက ဒေသအတွက် အကျိုးရှိနိုင်သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီး သွားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကတော့ ဘယ်အပေါက်က ဝင်မယ်တော့ မသိဘူးပေါ့နော်။ ရှမ်းပြည်နယ်နဲ့ အခုလက်ရှိ ကုန်သွယ်ရေး တရားဝင်ပေါက်တော့ ၂ ပေါက်ရှိတာပေါ့။ မူဆယ်နဲ့ ဒီဘက်က ချင်းရွှေဟော်ပေါက်ပေါ့။ ခွင့်ပြုတယ်ဆိုတော့ ဘယ် အပေါက်က ခွင့်ပြုတယ် မသိသေးဘူးပေါ့။ ခွင့်ပြုခဲ့ရင်တော့ ဘာပဲဖြစ်ဖြစ်ပါ ရှမ်းပြည်နယ်က ဥပမာ package Tour တွေဆိုရင်တော့ package Tour နဲ့ ဝင်လာမယ်။ လားရှိုးလာမယ်။ မူဆယ်ဘက်ကနေဆိုရင်တော့ လာရှိုးမှာ တစ်ညအိပ်သင့်တယ်လေ။ ပြီးရင် ရှမ်းပြည်နယ် တောင်ပိုင်းဆိုရင် အင်းလေးဒေသလာမယ်။ ဒါမျိုးတွေဆိုရင်တော့ အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ပြည်ပခရီးသွား နည်းနေတဲ့ကာလမှာ ပြည်ပခရီးသွားတွေ ဝင်လာမယ်ဆိုရင် တော့ ဒေသအတွက် နောက်ခရီးစဉ်ဒေသတွေအတွက် အကျိုးရှိနိုင်တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများသို့ နိုင်ငံခြားသားခရီးသွားများကို လေယာဉ်ဖြင့် လာရောက် လည်ပတ်ခွင့်ကို မြန်မာမှ တားမြစ်ထားခြင်းကြောင့် နယ်စပ်ဂိတ်ပေါက်များ၊ ရန်ကုန်နှင့် မန္တလေး လေဆိပ်မှတင့် သာ လာရောက်မှုများ ရှိနိုင်သည်ဟု ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။