CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ကြားကာလ ဖြေရှင်းမှုတစ်ရပ် ရရှိရေး အဓိက ထား ဦးစားပေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဦးကိုကိုကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်၊ ချက်သမ္မတနိုင်ငံ သံအမတ် အပါအဝင် နိုင်ငံတကာ သံတမန်များနှင့် တွေဆုံ၍ မြန်မာနိုင်ငံအရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဦးကိုကိုကြီးက “အဓိကက ပြဿနာအားလုံးရဲ့ အခြေခံက နိုင်ငံရေး ပြဿနာဆိုပေမယ့်လို့ နိုင်ငံရေး နည်းလမ်းအပေါ်မှာ အယုံအကြည် မဲ့လာတဲ့ဟာပေါ့နော်၊ အဲဒီဟာကို နိုင်ငံရေးပါတီ နိုင်ငံရေးနည်းလမ်း ပြန်အသက်ဝင်လာဖို့ အားကောင်းလာဖို့ အရေးကြီးတယ်၊ နောက်တစ်ခုကတော့ နိုင်ငံရေးလို့ ဆိုတဲ့နေရာမှာလည်း တိုင်းရင်းသားပါတီတွေ ရှိတယ်၊ အခြား ဒီမိုကရက် တစ်ပါတီတွေ ရှိတယ်၊ အဲဒီပါတီတွေရဲ့ အခန်းကဏ္ဍ၊ သူတို့ရဲ့အသံတွေ ပျောက်နေတာပေါ့လေ၊ အဲဒီတော့ ဒီပါတီတွေရဲ့ အမြင် သဘောထားတွေက အရေးကြီးတယ်၊ ဒါတွေ ကျနော်တို့ တော်တော်များများ ပြောဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ရှိလာရေးအတွက် နစက အနေနှင့်လည်း တွေ့ဆုံဆွေးနွေးမှု နည်းလမ်းကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှတဆင့် တိုက်တွန်းပေးရန် စသည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ သည်ဟု ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဦးကိုကိုကြီးနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်

ဦးကိုကိုကြီးက “ကျနော်တို့က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲဖို့အတွက် စိတ်ဝင်တစားနဲ့ အားပေးကြတာ ထောက်ခံကြတာ တွေ အားလုံးကို ကျေးဇူးတင်တယ်၊ သို့သော် တစ်ချိန်တည်းမှာ နိုင်ငံကို ထိခိုက်နာကျင်မှု အနည်းဆုံးနဲ့ ပြုပြင်ပြောင်းလဲနိုင်ဖို့ အတွက်က နိုင်ငံရေးနည်းလမ်း ပြန်ပြီးတော့ အသက်ဝင်လာဖို့ လိုတယ်၊ အဲဒီတော့ ဒီနစက အနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကို ပိုပြီးတော့ ဒီထက် ထိထိရောက်ရောက် ခိုင်ခိုင်မာမာ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာတွေကို ကျနော်တို့ ပြော ဖြစ်ပါတယ်၊ အဲဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဲဒါကို ဝိုင်းပြီးတော့ တိုက်တွန်းကြဖို့၊ နောက်တစ်ခုကတော့ အခု ဒီအကျပ်အတည်းကို ကျော်လွှားဖို့အတွက်က အသွင်ကူးပြောင်းရေးကာလပေါ့၊ ကြားကာလ ဖြေရှင်းမှု တစ်ရပ်ရရှိဖို့ အတွက် ကို အဓိက ကျနော်တို့ ဦးစားပေးပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာက အာဆီယံအား ဗဟိုချက်မအဖြစ် ထား၍ ကြိုးပမ်းလျက်ရှိနေကြောင်း၊ မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ ထိုခရီးစဉ်အတွင်း တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများကို တွေ့ဆုံခွင့် ပေးရန်လည်း အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုထားကြောင်း သိရသည်။

အဆိုပါ အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြည်တွင်းမှ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဖွယ်ရှိကြောင်း သိရသည်။