CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် တွေ့ဆုံစဉ် အသွင်ကူးပြောင်းရေး ကြားကာလ နိုင်ငံရေး သဘောတူညီမှု တစ်ခုရရှိစေရန် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက တင်ပြ ဆွေးနွေးအကြံပြုခဲ့သည်ဟု သိရသည်။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဦးကိုကိုကြီး ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့တို့ ယနေ့(မတ်လ ၂၂ ရက်) နံနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ Lotte Hotel ၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

ပြည်သူ့ပါတီ(PP)က “ ဆွေးနွေးပွဲတွင် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြဿနာများကို အမြင်ချင်း ဖလှယ်ကြပြီး နောက်၊ ပြည်သူ့ပါတီ၏ ရပ်တည်ချက် သဘောထားများနှင့် နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန် နည်းလမ်းများကို ရှင်း လင်းတင်ပြခဲ့ကြသည်”ဟု ထုတ်ပြန်ခဲ့သည်။

ဦးကိုကိုကြီး ဦးဆောင်သော ကိုယ်စားလှယ်နဲ့ ပရတ်ဆိုခွန် ဦးဆောင်သော ကိုယ်စားလှယ်တွေ့ဆုံစဉ်(ပြည်သူ့ပါတီ-ဖေ့စ်ဘွတ်ခ်)

ထို့နောက် နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလွှတ်ပေးရန်၊ အရပ်သားထိခိုက် သေဆုံးမှုများကို ဘက်အသီးသီးမှ အကာ အကွယ်ပေးရန်၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို ကျယ်ကျယ်ပြန့်ပြန့် ကူညီထောက်ပံ့ပေးရန်၊ အသွင်ကူး ပြောင်းရေး ကြားကာလ နိုင်ငံရေးသဘောတူညီမှု တစ်ခုရရှိစေရန် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် စသည့် အချက် ၄ ချက်ကို အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်အနေဖြင့် နစကသို့ အကြံပြု တိုက်တွန်းပေးရန် တင်ပြ တောင်း ဆိုခဲ့သည်ဟု ပြည်သူ့ပါတီ(PP)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။