CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းကို ဖန်တီးမည့် တော်လှန်ရေး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွှဲခဲ့သည့် (၆)လပြည့် အစီရင်ခံစာကို ယနေ့ (မတ်လ ၁၄ ရက်)တွင် အထက်ပါအတိုင်း ထုတ်ပြန် ခဲ့သည်။
NUG က “ကျနော်တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းကို ဖန်တီးမယ့် တော်လှန် ရေး ဖြစ်ပါတယ်။ ဒီတော်လှန်‌ရေးမှာ ပါဝင်ခွင့်ရခြင်းဟာ PDF ရဲဘော်များ အပါအဝင် ကျနော်တို့ အားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်၊ တော်လှန်ရေး မအောင်မခြင်း အဆုံးအထိ သွားမယ်ဆိုတဲ့ စိတ်ဒုံးဒုံးချထားနိုင်ဖို့ အရေးကြီးပါတယ်” ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့အတူ တစ်ဦးချင်း၏ နိုင်ငံရေးခံယူချက်နှင့် စိတ်ဓါတ်ခိုင်မာမှု အထူးလိုအပ်ကြောင်း၊ တပ်မတော်ဘက်မှ ရုပ်ဝတ္ထုအင်အား အရ မိမိတို့ထက် သာလွန်သော်လည်း PDF ရဲဘော်များနှင့် ပြည်သူများ၏ မဆုတ်မနှစ်သည့် ဇွဲသတ္တိနှင့် ဉာဏ်ပညာကို မုချ ဒူးထောက် အရှုံးပေးရမှာဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံသမိုင်း အလှည့်အပြောင်းဆိုပါက NUG တစ်ဖွဲ့တည်း မဖြစ်နိုင်ကြောင်း၊ အစိတ်အပိုင်း တစ်ရပ်အနေဖြင့်တော့ ဖြစ်နိုင် ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

နွေဦးတော်လှန်ရေး သပိတ်(AFP)

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်တွက်တာတော့ သူတို့ချည်းပဲ သပ်သပ်တော့ အလှည့်အပြောင်းတော့ မဖြစ်နိုင်ဘူး၊ အလှည့် အပြောင်း ဖြစ်မယ့် အစိတ်အပိုင်း တစ်ရပ်ဆိုရင် ဖြစ်နိုင်ပါတယ်။ အလှည့်အပြောင်း ဖြစ်ဖို့အတွက် အစိတ်အပိုင်း တစ်ရပ်ပေါ့ ဗျာ၊ အဲဒီလို အင်အားတစ်ရပ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ သူချည်းပဲ သပ်သပ်တော့ အလှည့်အပြောင်းကတော့ ကျနော့် အတွေ့အကြုံအရပေါ့လေ။ မလွယ်ကူဘူးလို့ ထင်ပါတယ်”ဟု ပြောသည်။

ထိုသို့ ပြောခြင်းမှာ စိတ်ဓာတ် ခွန်အားတက်ရန် ပြောခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ထို့အတူ လက်နက်ကိုင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် တိုက်ပွဲရှောင်များကို အကူအညီပေးနိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၎င်းက ပြော သည်။

အကယ်၍ နွေဦးတော်လှန်ရေး အောင်မြင်ခဲ့ပါက ထိုအောင်မြင်မှုသည် သမိုင်းဝင် အောင်မြင်မှု ဖြစ်သွားမှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

ဦးရဲထွန်းက “ဟုတ်တယ်၊ သူတို့ အောင်ပွဲရလို့ရှိရင်‌တော့ ဒီဟာက မြန်မာနိုင်ငံအတွက် သာမက ကျနော်တို့ ကမ္ဘာ့သမိုင်းမှာပါ၊ ဒါကတော့ တစ်ခုပေါ့၊ မှတ်တမ်းတင်ရမယ့် ကိစ္စတစ်ခု၊ သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်သွားမှာပေါ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီလို မျိုး နယ်ချဲ့ခုခံရေးစစ်ပွဲ မဟုတ်ဘဲနဲ့ ဒီကိုယ့်အမျိုးသား အချင်းချင်းပေါ့၊ ဒီအာဏာရှင်တိုက်တဲ့ စစ်ပွဲမျိုးက သမိုင်းမှာတော့ အောင်မြင်ခဲ့တဲ့ဟာ မရှိခဲ့ဖူးဘူးလေ။ သမိုင်းမှာ ရှိခဲ့တဲ့ အောင်ပွဲတွေကတော့ နယ်ချဲ့ဆန့်ကျင်ရေး စစ်ပွဲတွေ အဲမှာပဲ အောင် မြင်ခဲ့တာဆိုတော့ တကယ်လို့ အောင်မြင်ခဲ့တယ်ဆိုရင် ဒါသူတို့ပြောသလို သမိုင်းဝင်ဖြစ်ရပ် ဖြစ်သွားမှာပေါ့”ဟု ပြောသည်။

နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲ၀င်နေတဲ့ ကယားပြည်နယ်က PDF များ(AFP)

တော်လှန်ရေးမှာ အောင်မြင်မှု မရရှိဘဲ ရေရှည်ဆက်သွားနေပါက အဆုံးတွင် တွေ့ဆုံဆွေးနွေးရေးဖြင့် ညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

PDF များသည် ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်ကြောင်း၊ ထို့အတူ တော်လှန်ရေး၏ အဓိက မောင်းနှင်အားလည်း ဖြစ် ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။