CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁

တရုတ်နိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး အင်အားကောင်းသော မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ၁၅ လကြာ ဖြစ်ပွားနေသည့် သွေးထွက်သံယိုမှုများ အဆုံးသတ်ရန်အတွက် စစ်အာဏာသိမ်း ဆန့်ကျင်ရေး တိုက်ခိုက်နေသူများ နှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ရန် မြန်မာ့တပ်မတော်အား မေလ ၃၁ ရက်တွင် တောင်းဆိုခဲ့ကြောင်း အေအက်ဖ်ပီ သတင်းအရ သိရသည်။

အင်အား ၂၅,၀၀၀ ရှိသည့် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)သည် ကမ္ဘာပေါ်ရှိ အစိုးရမဟုတ်သော တပ်များ ထဲတွင် အကြီးဆုံးတပ် တစ်တပ်ဖြစ်ပြီး ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးစီ သေနတ်ကိုင်၍ စစ်မှု ထမ်းစေခဲ့သည်။

သို့သော် UWSA တပ် အများစုသည် မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်နယ်စပ်ရှိ ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွင် ရပ်တည်နေပြီး ယမန်နှစ်တွင် မြန်မာ့တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ ယခုအချိန်အထိ အနည်းအကျဉ်းသာ ပါဝင်ခဲ့သည်။

UWSA  ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ပြည်တွင်းပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အားလုံးကို တတ်အားသမျှ ညှိနှိုင်းဖြေရှင်းကြရန် မေတ္တာရပ်ခံပါကြောင်း နေပြည်တော်၌ မြန်မာ့တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် UWSA က ကြေညာချက် တစ်စောင် ထုတ်ပြန်၍ တိုက်တွန်းခဲ့သည်။

ဗြိတိသျှထံမှ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခဲ့သော ပဋိပက္ခများ၏ အခြေခံပြဿနာများကို စစ်အင်အားဖြင့် မဖြေရှင်းနိုင်ခဲ့သည်ကို သက်သေပြခဲ့ပြီး ဖြစ်ကြောင်း ထိုကြေညာချက်ထဲတွင် ရေးသားထားသည်။

တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး လူထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်းအတွက် စစ်တပ်နှင့် ၎င်း၏ပြိုင်ဘက်များ ပဋိပက္ခ၏ အပြင်ဘက်တွင်သာ UWSA ရပ်တည်နေမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ကုန်ကူးမှု၊ သဘာဝသယံဇာတနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ဖြင့် ဆယ်စုနှစ်များစွာ ကြာအောင် တိုက်ပွဲ များ ဖြစ်နေခဲ့သည့် နယ်စပ်ဒေသများကို အသီးသီး ထိန်းချုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ ခန့်ရှိသည်။

UWSA တပ်ဖွဲ့

အဖွဲ့တချို့က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချခြင်းအား အပြစ်တင် ရှုတ်ချကြပြီး စစ်အာဏာသိမ်းခြင်းကြောင့် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို နေထိုင်ခွင့်ပေး၍ လက်နက်ကိုင် သင်တန်းများ ပို့ချခဲ့ကြ သည်။

PDF များ၏ စွမ်းဆောင်ရည်သည် မြန်မာ့တပ်မတော်ကို အံ့အားသင့်စေခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။
တရုတ်နိုင်ငံသည် မြန်မာ့တပ်မတော်၏ အဓိကမဟာမိတ်အဖြစ် ဆက်လက်တည်ရှိပြီး တပ်မတော် အာဏာသိမ်းခြင်းဟူသော တံဆိပ်ကပ်ဖို့ ငြင်းဆိုထားသည်။

အခြေအနေမည်သို့ပင် ပြောင်းလဲလင့်ကစား မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေစိုးမိုးရေးတို့အတွက် ကူညီစောင့်ရှောက်သွားမည်ဟု ဘေဂျင်းက ပြီးခဲ့သည့် ဧပြီလတွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကား၍ ဘန်ကောက်ပို့စ်က ဖော်ပြသည်။

Source: AFP, Bangkok Post