CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁

လက်ရှိတွင် လုယက်မှု၊ ဓားပြတိုက်မှု၊ လူအစုအဖွဲ့လိုက် ပူးပေါင်းကြံစည်ပြီး တက္ကစီကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များထံမှ ငွေကြေးနှင့်ဖုန်းတောင်းခံခြင်း၊ မပေးပါက ရိုက်နှက်၍ ပြန်လွှတ်ခြင်း စသည့်ကိစ္စရပ်များ ပေါများလာသည်ကို တွေ့ရသည်။

အဓိကအကြောင်းအရင်းမှာ နိုင်ငံရေးမကောင်းသည့်အတွက် လက်ရှိတွင် တရားဥပဒေစိုးမိုးမှု မရှိသောကြောင့် ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ပါက တိုင်းပြည်သည် မင်းမဲ့စရိုက်ပုံစံ ဖြစ်လာနိုင် သည်ဟု ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အဲဒီတော့ ဥပဒေပိုင်းအရဆိုတာက တရားဥပဒေကို စောင့်ထိန်းမယ့် အဖွဲ့အစည်းတွေ ကိုယ်တိုင်ကိုက အားကောင်းဖို့ ကြံ့ခိုင်ဖို့လိုတယ်။နောက်တစ်ခုက ပြည်သူတွေဘက်ကလည်း လက်ရှိအုပ်ချုပ်ရေးကို ယုံယုံ ကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့။ အားလုံးရဲ့အခြေခံကတော့ နိုင်ငံရေးလို့ပဲ မြင်တယ်။ ဒါကြောင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှု မလုပ်နိုင်ရင် တိုင်းပြည်က တကယ့်ကို မင်းမဲ့စရိုက်ပုံစံမျိုး နောက်ဆုံးပြောရရင် တစ်စစီ ပြိုကွဲနိုင်မယ့် အခြေအနေမျိုးထိတောင် ဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့လို့ ဒီ တရားဥပဒေစိုးမိုးရေး လုံခြုံရေးကောင်းဖို့ဆိုတာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်ကို အမြန်ဆုံးစပြီး ကြိုးစားကြဖို့ ကျနော်ကတော့ တိုက်တွန်းချင်ပါတယ်။ ဒီကာလကို သက်တမ်းတိုအောင်ပေါ့ အမြန်ဆုံးကျော်လွှား နိုင်ဖို့ ကျနော်ဆိုလိုချင်တာက ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့အထိက မဖြစ်နိုင်ဘူး တထိုင်တည်းနဲ့။ သို့သော် ဒီအခြေအနေက လွန်မြောက်ဖို့ကိုတော့ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေတဲ့သူတွေ အားလုံးပေါ့နော် အလေး အနက်ထားပြီး စဉ်းစားသင့်တယ်၊ ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ရဲစခန်းသို့ အဝင် အထွက်လုပ်မိပါက ဒလန်၊ သူလျှို ဟူ၍ အစွပ်စွဲခံရနေရသည့်အတွက် တစ်စုံတစ်ရာ ကြုံတွေ့ရလျှင် တိုင်ကြားမည်ဆိုသော်လည်း ထိုသို့ အစွပ်စွဲခံရမည်ကို စိုးရိမ်သဖြင့် မတိုင်ကြားဘဲ နေလိုက်ရသည့် ကိစ္စများလည်း နေရာအနှံ့တွင် ဖြစ်လာကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့ရှိ လုယက်မှုတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည့် လုယက်သမားတစ်ဦး

ခိုးဆိုးလုနှိုက်မှုများသည် လူစည်ကားရာနေရာများ၊ ဘတ်စ်ကားမှတ်တိုင်များတွင် အဖြစ်များနေသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိသည်။

နစကအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးအတွက် အားထည့်သင့်ပြီး မိမိတို့၏ လုံခြုံရေးအင်အားစုများအား လူထု လုံခြုံရေးကိစ္စရပ်များတွင် ပိုသုံးသင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ ဥက္ကဋ္ဌ ‌ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

‌“အစိုးရအနေနဲ့ နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်တဲ့ကိစ္စတွေမှာ လုံခြုံရေးတပ်တွေ တရားဝင် သုံးနေတာထက်စာလို့ရှိရင် အခုလို ခိုးဆိုးလုနှိုက် ကိစ္စတွေမှာ ပြည်သူလူထုရဲ့ လုံခြုံရေးကိစ္စတွေမှာ ပိုပြီးတော့ ကိုယ့်ရဲ့အင်အား တွေကို သုံးမယ်ဆိုရင် ပြည်သူလူထုအနေနဲ့လည်း အစိုးရပေါ်မှာ အယုံအကြည် နည်းနည်းရှိလာနိုင်တယ်။ တစ်ဖက်မှာလည်း ခိုးဆိုးလုနှိုက်တွေအနေနဲ့လည်း နည်းနည်း ပိုရှိန် ဟန့်သွားမှာပေါ့။ အခုဟာက တော်တော်များ များရဲ့ အမြင်မှာဖြစ်နေတာက နိုင်ငံရေးအင်အားစုတွေအတွက်ပဲ နိုင်ငံတော်ရဲ့ လုံခြုံရေးအင်အားစုတွေကို သုံးနေပြီးတော့ပေါ့ ဒီ ခိုးဆိုးလုနှိုက်မှုတွေ အပေါ်မှာ ဒီလုံခြုံရေးအင်အားစုတွေကို မသုံးတဲ့အတွက်ကြောင့် ဒီ ခိုးဆိုးလုနှိုက်တွေ တနေ့တခြားများပြားလာတယ်လို့ ပြည်သူလူထုက ယုံကြည်နေတာကိုး။ အဲဒီယုံကြည်မှုတွေ အမြင်တွေကို ပြောင်းလဲပစ်ဖို့ဆိုရင် အစိုးရအနေနဲ့ ကိုယ်တာဝန်ရှိတဲ့ ပြည်သူ့ဘဝလုံခြုံရေးမှာ ပိုပြီးတော့ အားထည့်သင့်တယ်” ဟု ပြောသည်။

လုယက်မှုဖြစ်စဉ်အား တွေ့ရှိသည့် အနီးပတ်ဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်းကူညီဖြေရှင်းပေးကြသော်လည်း ထိုသို့ ကူညီခဲ့သူများအား အဆိုပါ ခိုးဆိုးလုနှိုက်သမားများ၏ အဖွဲ့များမှ လာရောက် ရှာဖွေ သတ်ဖြတ်ခဲ့ သဖြင့် လှည်းတန်းတွင် ဆိုက်ကားသမားတစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အင်းစိန်မြို့ ဖော့ကန်ဘက်တွင် လူတစ်စုသည် အမျိုးသမီးတစ်ဦးအား ဓားပြတိုက်ပြီး ဖုန်းနှင့် လည်ဆွဲယူဆောင်သွားကာ လာရောက်ကူညီပေးသည့် သူများကို ဓားဖြင့်လိုက်ခုတ်ခြင်း၊ ကြည့်နေသည့် လူများအားလည်း ဓားဖြင့် လိုက်ရွယ်ခြင်းများပြုလုပ်ခဲ့သည့်အတွက် အနီးရှိ လူတချို့က အဖွဲ့လိုက် ပြန်ဖမ်းခဲ့သဖြင့် ၎င်းတို့အား ဖမ်းမိသွားခဲ့သည်ဟု သိရသည်။