CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

“ဝ”ကို ပြည်နယ်‌ပေးရန် မူအားဖြင့် သဘောတူသည်ဆိုသည့် မြန်မာ့တပ်မတော်၏ အာမခံချက်မှာ မသေချာကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဝ”ကို ပြည်နယ် ပေးလိုက်ပါက အဆိုပါ ဒေသမှ တိုင်းရင်းသားများနှင့် စိတ်ဝမ်းကွဲမှုများ ရှိလာမှာဖြစ်ကြောင်း၊ အခြားသော လူမျိုးစုများမှ ပြည်နယ်တောင်းဆိုမှု၊ ဒေသတောင်းဆိုမှုများ ရှိလာမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “ ၂၀၀၈ အောက်က ရမယ်ဆိုတာက လောလောဆယ် စစ်တပ်က ပေးတဲ့ ကတိပဲ ဖြစ်တယ်၊ ဒါ တောင် သူက မူအားဖြင့်ပဲ သဘောတူတယ်ပြောတာ၊ သူတို့ဖက်က သဘောတူတယ်ပေါ့ဗျာ၊ ၂၅ ရာခိုင်နှုန်းက သဘောတူတယ်ပေါ့၊ ၇၅ ရာခိုင်နှုန်းရဖို့ အဲဒါက လွှတ်‌တော်ထဲမှာလည်း ဒီစနစ်က လျှို့ဝှက်မဲပေးတဲ့ စနစ်ဆိုတော့ အဲဒါက မရတာ ငါတို့နဲ့ မဆိုင်ဘူးဖြစ်သွားမှာပေါ့၊ တကယ်လို့ ၇၅ ရာခိုင်နှုန်း မကျော်ဘူးဆိုရင် ငါတို့ကတော့ ပေး တယ်၊ ဒီပြင် ပါတီတွေက မပေးဘူးဆိုပြီးတော့ တစ်ဖက်လှည့်နဲ့တောင် ရန်တိုက်ပေးခိုင်းနိုင်တဲ့ အခြေအနေမျိုး တောင်မှ ရောက်သွားဦးမယ်၊ ဆို‌တော့ ဒီစစ်တပ်ရဲ့ အာမခံချက်က မသေချာဘူးဗျ။ စစ်တပ်ရဲ့ အာမခံချက်ဟာ မသေချာဘူး။ သူတို့ရဲ့ သဘောထားကိုပဲ မူအားဖြင့်ပြောတာ၊ ဒီတော့ အဲဒီကိစ္စလောက်နဲ့တော့ ဒါပြည်နယ် မရနိုင်လောက်ဘူးပေါ့”ဟု ပြောသည်။

ထို့နောက် “ဝ”ကို ပြည်နယ်ပေးလိုက်ပါက တခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA- NDAA- SSPP ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံစဉ်

ဦးဖေသန်းက “ တခြားပြည်နယ် “ဝ”ကို ပေးလိုက်မယ်ဆိုရင် တခြားဘေးထွက်ဆိုးကျိုး တွေလည်း ရှိသေးတယ်၊ သူ့ဒေသမှာလည်း တိုင်းရင်းသားတွေနဲ့ စိတ်ဝမ်းကွဲပြားမှု တွေလည်း ရှိလာဦးမယ်၊ တခြားပြည်နယ်တောင်းတာတို့ အုပ်ချုပ်ခွင့် ဒေသတောင်းတာတို့လည်း ဖြစ်လာဦးမယ်၊ ဆိုတော့ ဒါက နိုင်ငံရေးအရ တော်တော်ကို အခက်အခဲ ဖြစ်စေနိုင်တဲ့၊ အကျပ်အတည်း ဖြစ်စေနိုင်တဲ့ ကိစ္စဖြစ်တယ်၊ ဒါကြောင့်လည်းပဲ တပ်မ‌တော်က မူအားဖြင့် သဘော တူ တယ်ဆိုတာတော့ လောလောဆယ်ပေါ့ဗျာ၊ ပြဿနာ အေးရာအေးကြောင်း ပြောလိုက်တဲ့ သဘောထက် မပို ဘူးလို့ ကျနော်မြင်တယ်ဗျ၊ ရှေ့မှာ အာမခံချက်မရှိဘူး” ဟု ပြောသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)သည် နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အခြားတိုင်းရင်းသားပြည်နယ်နှင့် တန်းတူရည်တူသော “ဝ” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တည်ထောင်ရန် တင်ပြ တောင်းဆိုမှုကို တပ်မတော်ဘက်က မူအားဖြင့် သဘောတူခဲ့သည်။

“ဝ” ကို ပြည်နယ်ဖွဲ့စည်းပေးရန် တပ်မတော်မှ သဘောတူမှုမှာ မဖြစ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသုံး သပ်သူ ဒေါက်တာလှကျော်ဇောက CNII သတင်းဌာနသို့ ပြောသည်။

၎င်းက “မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ဘူး။ သူက ပြောပြီးသားလေ၊ ဒီဆွေးနွေးပွဲတွေပြီးလို့ လက်နက်ကိုင်တပ်တွေ ရှိလို့ရှိရင်လည်း လက်နက်ဆက်ကိုင်ချင်ရင် border guard လုပ်ရမယ်၊ နယ်ခြားစောင့်တပ် လုပ်ရမယ်၊ သူ့တပ် ဝင်ရမယ်၊ ဒါမျိုးတွေ ပြောထားတာ၊ ဘယ်လိုလုပ် ဒီ “ဝ”တို့၊ မိုင်းလားတို့ကလည်း ဒါကို သဘောတူနိုင်မလဲဗျ ခင်ဗျ၊ စဉ်းစားကြည့်ဦး” ဟု ပြောသည်။

NSPNC နဲ့ UWSA-NDAA-SSPP ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်

နိုင်ငံတော်နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့် အထက်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံမဲပေးပါက နိုင်ငံ‌တော်သမ္မတမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။

ဦးဖေသန်းက “ “ဝ” ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒါမှမဟုတ် သူ့ရဲ့ မဟာမိတ်ပါတီတွေ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြရမှာပေါ့၊ အဲဒီအတိုင်းပဲ သွားရမှာ အဓိကကတော့ “ဝ”အနေနဲ့လည်းပဲ ဒီကိစ္စမှာ သူတို့ အခုရထားတဲ့ အဆင့်အတန်းက ပြည်နယ်ဆိုတဲ့ အဆင့်အတန်းထက် အများကြီး ပိုပါတယ်။ ပြည်နယ်ဆို တာ သိတဲ့အတိုင်းပဲလေ ကျ‌နော်တို့ တိုင်းရင်းသားတွေ ဒီနေ့ရထားတဲ့ ပြည်နယ်က ဘာမှ တိုင်းရင်းသားတွေ လိုချင်တဲ့ အဆင့်အတန်းရှိတဲ့ ပြည်နယ်မျိုးမဟုတ်ဘူး။ “ဝ”က တောင်းလာတဲ့ အခါမှာလည်း ကျနော်တို့ ပြည်နယ်ရထားတဲ့ လူတွေက “ဝ”က ပြည်နယ်တောင်းတယ်ဆိုတော့ တော်တော့်ကို အံ့ဩတယ်ပေါ့၊ ဘာမှ အနှစ်သာရမရှိတဲ့ ပြည်နယ်ကို “ဝ”က အကုန်လုံး လုံခြုံရေးကအစ၊ ကာကွယ်ရေးကအစ ယူထားတဲ့ အဆင့် အတန်းမျိုးက လာတောင်းတယ်ဆိုတော့ တော်တော်ကို ကျနော်တို့လည်း စဉ်းစားရခက်တာပေါ့၊ ဒါပေမဲ့ အဲဒီ အခက်အခဲတွေကတော့ ‌ရှေ့မှာ အများကြီးရှိလာဦးမယ်၊ ပြည်နယ်ရရုံနဲ့တော့ “ဝ”တွေလိုချင်တဲ့ အဆင့်အတန်း မျိုး ကတော့ ရမှာမဟုတ်ဘူး။ အဲဒီမှာ ပြဿနာတွေ ရှိဦးမှာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် UWSA သည် ပန်ခမ်း(ပန်ဆန်း)မြို့ကို ဌာနချုပ် မြို့တော်အဖြစ် သတ်မှတ်ကာ တရားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ အခွန် ဌာန၊ လုံခြုံရေးဌာန အပါအဝင် ဌာနဆိုင်ရာများကို ဖွဲ့စည်း၍ ထိန်းချုပ်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။