CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားလာကာ တိုက်ပွဲဖြစ်ပွားသည့် ဧရိယာ ပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ရက်သုံးရက်အတွင်း တပ်မတော်နှင့် KNU အကြားတွင် လေးကေ့ကော်ဒေသ၊ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်၊ အာရှလမ်းမကြီး တစ်လျှောက်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး စသည့် ဒေသတော်တော်များများတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

ပဒိုစောတောနီးက “ ဒီနှစ်ရက် သုံးရက်အတွင်းကတော့ နေရာတော်တော်များများ ဖြစ်နေတာတော့ ရှိတယ်၊ လေးကေ့ကော် ပတ်ဝန်းကျင်တွေရယ်၊ နောက်ပြီးတော့ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်တွေရယ်၊ နောက်ပြီးတော့ အာရှလမ်းမကြီးရယ်၊ နောက်ပြီးတော့ ကြာအင်းဆိပ်ကြီးရယ် ပြန်ဖြစ်လာတယ်။ ဘုရားသုံးဆူလမ်း တစ်လျှောက်၊ ကျနော်ပြောနိုင်တာကတော့ တိုက်ပွဲက ကြီးကြီးမားမားတော့ မတွေ့ရဘူး၊ သို့သော်ငြားလည်းပဲ ဖြစ်တာတော့ ဖြစ်တယ်၊ နောက်တစ်ခုကတော့ တင်းမာမှု တွေကတော့ ရှိတယ်လို့တော့ အသေအချာ ပြောလို့ရတယ်၊ ဒီလောက်ထိပါပဲ”ဟု ပြောသည်။

လက်ရှိတွင် အာရှလမ်းမကြီးတွင် တံတားမိုင်းခွဲခံရမှု အခြေအနေများ အပါအဝင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် နယ်စပ် ကုန် သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် မြဝတီ-ကော့ကရိတ်လမ်းမကြီးကို သုံးရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကော့ကရိတ်မြို့နှင့် မြို့ ပြင်နေရာတချို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုင်း-မြန်မာ အာရှလမ်းမကြီးကို အခြေပြုကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ထိုဒေသသို့ ရောက်ရှိနေသည့် ဒေသခံတစ်ဦးက ပြော သည်။

၎င်းက “ပြောရမယ်ဆို စစ်တပ်ရှိတဲ့ စစ်ကောင်စီရှိတဲ့ နေရာနဲ့ ဒီဘက်ကျေးရွာတွေနဲ့က အာရှလမ်းမကြီး ခြားတယ်၊ အဲဒီ အာရှ လမ်းမကြီးကို ကျော်ပြီးတော့ စစ်တပ်က သူတို့ရဲ့ အမြှောက်ကုန်းတွေကနေ ပစ်တာပေါ့နော်” ဟု ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်း ဖြစ် သည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသများမှ တပ်မတော်စခန်းများ ဆုတ်ခွာ ရန် KNU အသိပေး အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ တပ်မတော်သည် စခန်းများ မဆုတ်ခွာသည့်အပြင် စခန်းများ တိုးချဲ့လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလာရခြင်းဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။