CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

မြန်မာ့တပ်မတော်ဘက်က မိမိတို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ပြင်းပြင်းထန်ထန် တိုက်လာပါက ပြန်ပြီးတုန့်ပြန်မှုကလည်း ပြင်းပြင်း ထန်ထန်ဖြစ်မည်ဟု ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့သော RFA နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၏ အင်တာဗျူး တွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က “ စစ်ရေး ပရိယာယ်ဆိုတာကတော့ ပြင်ဆင်မှုတွေ၊ ကြိုတင်ပြီးမှ စဉ်းစားထား တာတွေ အများကြီးရှိပါတယ်၊ ပြင်းပြင်းထန်ထန် တိုက်လို့ရှိရင်တော့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်တာဆိုတဲ့ အနေအထားကို ရောက်သွားမှာဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဘက်တစ်ဘက်က ပြင်းပြင်းထန်ထန် လုပ်ရင် ပြန်ပြီး တုန့်ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်မှာပါ။ ဒါကျနော်တို့ကတော့ အစီအစဉ်တွေကို စဉ်းစားထားတာ ရှိ သလို စိတ်ဓာတ်ရေးအရလည်း ပြင်ဆင်မှုအပြည့်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောသည်။

 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အနန့်ပါကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားစဉ် 

KIA သည် မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ လူဦးရေ ၄၀၀၀ ကျော်ကို စစ်သင်တန်းများ ပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် KIA သည် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)တို့နှင့် ပူးပေါင်း၍ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါကို တပ်မတော်မှ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA အရာရှိကြီးများ အပါအဝင် လူဦးရေ ၈၀ ကျော် သေဆုံးခဲ့သည်။

ထို့နောက် တပ်မတော်နှင့် KIA-PDF ပူးပေါင်း အဖွဲ့များကြား စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း) စသည့် ဒေသများတွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားသလို စစ်ရေးတင်းမာမှုများလည်း ရှိနေသည်။