CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြားဝင်ဖြေရှင်းပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

ဗန်းမောက်မြို့နယ်ထဲတွင် ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ဩဂုတ် ၂၃ ရက်ကလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်မှ ဒေသခံ စိုင်းခမ်းက “SNA ဆိုတာကလည်း မူဘောင်တစ်ခုရှိတယ်ဗျ၊ ဘာကိုသွားနေလဲဆို တော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေတယ်၊ KIA ဆိုတာကလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေ တယ်၊ PDF ဆိုတာကလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေတယ်လို့ နားလည်ထားတယ်ဗျ၊ PDF ကလေးလေးတွေ က တော်လှန်ရေးအဖွဲ့ အချင်းချင်းကို ဘာကြောင့် လာတိုက်နေသလဲ၊ ဒီလိုလုပ်တာက NUG ရဲ့ လမ်းညွန်ချက် မဟုတ်ဘူးဆိုရင်တော့ ဒီပူးပေါင်းတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်က အရမ်းမှားယွင်းနေတယ်၊ ဒီလုပ်ရပ် ဖြစ်စဉ် အပေါ် မှာလည်း NUG ကနေ တာဝန်ခံသင့်တယ်” ဟု ပြောသည်။

ဗန်းမောက်မြို့အ၀င်ကိုတွေ့ရစဉ်

ဗန်းမောက်မြို့နယ်အတွင်းမှာ SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့ကြား ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခ ကြောင့် မိမိတို့ ဒေသခံများ လယ်ယာလုပ်ငန်းများ လုပ်ကိုင်၍ မရဘဲ ဖြစ်နေသလို KIA-PDF ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းနှင့် လူသစ်စု ဆောင်းခြင်းများလည်း ခံနေရကြောင်း၊ စားဝတ်နေရေးလည်း အခက်အခဲ ရှိလာကြောင်း၊ ထို့ကြောင့် NUG က ကြားဝင်ဖြေရှင်းပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး လမ်းကြောင်းကို သွားနေသည့် အဖွဲ့အစည်း အချင်းချင်းကြား တိုက်ခိုက်စရာ မရှိကြောင်း SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောရလို့ရှိရင်‌တော့ ဖက်ဒရယ်ပြည်‌ထောင်စုစနစ် တည်ဆောက်ရေး လမ်းကြောင်းပေါ်ကို သွားနေကြတဲ့ သူအချင်းချင်း၊ သွားနေကြတဲ့ အဖွဲ့အချင်းချင်း လာရောက် တိုက်ခိုက်တယ်ဆိုတာက ပြောရလို့ရှိရင် ကြားထဲက အမှောင်ပယောဂ မကင်းဘူးလို့ပဲ ပြောရမှာပေါ့။ အမှောင်ပယောဂ ရှိနေလို့သာ အခုလို လာတိုက်ခိုက်တာလို့ ပြောလို့ရတာပေါ့။ ပြောရလို့ရှိရင် PDF တွေက ကျနော်တို့ကို လာတိုက်ခိုက်စရာ မရှိဘူး။ အဓိက KIA ကနေပြီးမှ ကြိုးကိုင်ခြယ်လှယ်နေလို့ ဒီကိစ္စတွေ သူတို့ လိုက်လုပ်နေတာ ဖြစ်တယ်၊ အဓိက KIA ပါပဲ။ KIA တပ်မှူးတွေက PDF တွေကို ဦးဆောင်နေတဲ့ အခါကြတော့ သူတို့ အမိန့်တွေ ညွှန်ကြားတိုင်း လုပ်ရတာဆိုလို့ရှိရင် PDF တွေလည်း လိုက်လုပ်ရမှာပဲ။ အဲဒီတော့ NUG ဖက်ကတော့ ကျ‌နော်တို့ကို ဘာတစ်ခုမှ ပြန်ပြောလာတာတော့ မရှိသေးပါဘူး။ ကျနော်တို့ အနေနဲ့လည်း ပြန်ပြီး‌တော့မှ အဆက်အသွယ်လုပ် ပြောဆိုဆွေးနွေးတာလည်း မရှိသေးပါဘူး” ဟု ပြော သည်။

SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်၍ KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများသည် နောက်ဆုံးမှာတော့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာ အဖြေရှာရမည်ဖြစ်ကြောင်း ကချင်နိုင်ငံ‌ရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

PDF တပ်ဖွဲ့နှင့် NUG ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ကတော့ ဘယ်ဟာကို မှားတယ်၊ မမှားဘူးဆိုတာကို ကျနော် ပြောစရာတော့ မရှိပါဘူး။ ကျနော် နိုင်ငံရေးသမား တစ်ယောက်နေနဲ့ကတော့ အဓိကတော့ ကျနော်တို့ လက်နက်ကိုင်ပြီးမှ သွားတယ်ဆိုရင် အကုန် လုံး လက်နက်ကိုင် ကြတယ်ဆိုရင်တော့ ဒီဟာတွေကိုင်တဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့်လည်း တင်းမာ မှု၊ မတင်းမာမှု ဆိုတာကတော့ ကာယကံရှင်တွေရဲ့ အခြေအနေပေါ်မှာပဲ မူတည်တယ်၊ ကျနော်ကတော့ ကျနော် ပြောလိုတာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှပဲ အမြန်ဆုံး တည်ဆောက်ဖို့လိုတယ်၊ တည်ဆောက်မှပဲ ကျနော်တို့ နိုင်ငံဟာ ငြိမ်းချမ်းတဲ့ သာယာတဲ့ နိုင်ငံတစ်ခုဖြစ်ပါလိမ့်မယ်၊ ဒါမှ မဟုတ်ဘူးဆိုရင် ကျ‌နော်တို့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော်ပါပြီ၊ အခုထိ အဖြေက မရသေးဘူး။ ဒါကြောင့်လည်း နောက်ဆုံး မှာ အခုကတော့ နိုင်ငံရေးထက် လက်နက်ကိုင် လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ အပိုင်းတွေပဲ သက်ရောက်လာပါတယ်၊ ဒါပေမဲ့ ဘယ်သူပဲ လက်နက်ကိုင်ပြီးမှ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ နောက်ဆုံးမှာတော့ နိုင်ငံရေးအရ စားပွဲ ပေါ်မှာ ဆွေးနွေးပြီးမှ အဖြေရှာ၊ ရှာသွားကြတာပဲ တွေ့မြင်နေရပါတယ်၊ ဒါကတော့ နိုင်ငံရေးအရ အဖြေရှာဖို့ တစ်နေ့ကြရင်‌တော့ ဒီနိုင်ငံရေးစားပွဲပေါ်ကိုပဲ အဖြေရှာပြီးတော့ ဆုံးဖြတ်ကြပါလိမ့်မယ်” ဟု ပြောသည်။

SNA ၊ KIA ၊ PDF တို့ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA- PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

KIA သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် သလို PDF ကတော့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကနေ အာဏာရှင်စနစ် တွန်းလှန်ရေး ကြိုးပမ်းနေသော လက်နက်ကိုင် အဖွဲ့ဖြစ်သည်။