CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇
ပြည်ထောင်စု တည်ဆောက်ရေးတွင် (၈)ပြည်နယ်မူကို ကျင့်သုံးပါက ငြိမ်ချမ်းရေးရရှိမှာ မဟုတ်ဘူးဟု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) မှ ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
(၈)ပြည်နယ်မူသည် နိုင်ငံရေးအရ ဖြေရှင်း၍ရရှိမှာ မဟုတ်ကြောင်းနှင့် လက်ရှိ ရှမ်းပြည်နယ် အခြေအနေမှာ ပိုမို ဆိုးရွားသွားနိုင်ကြောင်း ၎င်းက ပြောသည်။
စောခွန်ကျော်ဝင်း “ကျနော်တို့ အမြင်ကြတော့ပေါ့နော်၊ အဲဒီမူနဲ့ ကျင့်သုံးသွားမယ်ဆိုရင် ကျနော်တို့ ဗမာပြည် ဘယ်တော့မှ ငြိမ်းချမ်းသွားမှာ မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဘယ်တော့မှ ညှိနှိုင်းလို့ရမှာ မဟုတ်ဘူး။ အထူး သဖြင့် ဒီရှမ်းပြည်နယ်မှာတော့ ပိုဆိုးသွားနိုင်တယ်ပေါ့နော်၊ လက်ရှိ မီဒီယာသတင်းဌာနသိတယ် ရှမ်းပြည်ရဲ့ အခြေအနေဟာလည်း တိုင်းရင်းသားနယ်မြေ စိုးမိုးထားမှု အခြေအနေ သိပြီးသားပေါ့နော်၊ ဘယ်လောက်ပဲဖြစ်ဖြစ်၊ နောက်ဆုံး အားလုံး အဲဒီလို ဆုံးဖြတ်လုပ်လိုက်ရင် လက်နက်ကိုင်ပြဿနာ၊ လူမျိုးရေးပြဿနာတွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးပေါ့နော်၊ နောက်တစ်ခုက PNO ကလည်း ပအိုဝ်းတစ်မျိုးသားလုံး အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ရှိတာ ပေါ့နော်၊ ဆွေးနွေးပွဲ ဟိုပုံးမှာ လုပ်ခဲ့တယ်ပေါ့၊ လုပ်လို့ရတဲ့ တိုင်းရင်းသား လူမျိုးထဲမှာ ပါတယ်ပေါ့၊ အဲဒီထဲမှာ လည်း ပြည်နယ်သစ် ပေါ်ထွန်းခွင့် မူကိုလည်း ချထားပြီးသားပေါ့နော်၊ မူဆိုတာ ပအိုဝ်းလူမျိုးအတွက် မဟုတ်ဘူး။ ပြည်နယ်သစ်ဆိုတာ လူမျိုးကို အခြေမခံတဲ့ ပြည်နယ်လည်း ဖြစ်နိုင်တယ်၊ ပြည်နယ်သစ်ဆိုတာ လူမျိုးကို အခြေခံ လို့ ပအိုဝ်းမှ၊ ပလောင်မှ၊ “ဝ” မှ မဟုတ်ဘူးပေါ့နော်၊ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ လူဦးရေကို အခြေခံပြီး တော့ ဒါလည်း မူအနေနဲ့ ချထားသင့်တယ်လို့ အဲဒီလိုပဲ မြင်တယ်ပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ညီလာခံကျင်းပနေစဉ်
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမှုအပြီးမှာ (၈)ပြည်နယ်မူကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဟု လက်မှတ်ထိုးခဲ့ကြသည်။
(၈)ပြည်နယ်မူကို အရင်ဖော်ဆောင်ပြီးမှ ကျန်သည့် အပိုင်းများကို လုပ်ဆောင်ပါက ပို၍ သဘာဝကျလိမ့်မည် ဖြစ် ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်က အဓိကတော့ (၈) ပြည်နယ်မူအရပဲ သွားတဲ့ အပိုင်းတွေ ဖြစ်ပါတယ်၊ (၈) ပြည်နယ်ပဲပေါ့ အဓိကထားပြီးမှ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဒီဟာကို အဓိက ဖော်ဆောင်ပြီးမှ နောက်ပိုင်း ကိုပဲ ကျနော်တို့ ဘယ်လိုမျိုး လုပ်ရင် ကောင်းမလဲဆိုတဲ့ ဟာမျိုးတော့ လုပ်ဆောင်ရင်တော့ ပိုပြီးမှ သဘာဝကျ လိမ့်မယ်၊ ဒါမှမဟုတ်ဘူးဆိုရင် အခုကနေ ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ်၊ ဒီဟာရမှ ဆိုတဲ့ဟာဆိုတာထက် (၈) ပြည်နယ်ကို လက်တွေ့ အကောင်အထည်ဖော်လိုက်ရင်တော့ ဒီဟာတော့ လက်တွေ့ကျတယ်လို့ပဲ ကျနော်မြင်ပါ တယ်။ ဒါကတော့ ဖော်ဆောင်မယ်၊ မဖော်ဆောင်ဘူးဆိုတာ ဖော်ဆောင်တဲ့ ဖော်ဆောင်နိုင်တဲ့ မဖော်ဆောင်နိုင်တဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်”ဟု ပြောသည်။
ဗမာတိုင်းရင်းသားများကို ဗမာပြည်နယ် ပေးရမည်ဆိုသည့် အယူအဆမှာ အမျိုးသားရေး အစွန်းရောက်သွားသည် ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် NCA ထိုးခြင်း အခမ်းအနား
၎င်းက “မတူတဲ့ ရုပ်ဘဝတွေကို အတင်းတူအောင် ဗမာကိုလည်း ပြည်နယ်ပေးရမယ်ဆိုတဲ့ အယူအဆကြတော့ အမျိုးသားရေးအရ အစွန်းရောက်သွားတယ်လို့ ကျနော်ကတော့ ယူဆတယ်၊ ပြောချင်တဲ့ အဓိပ္ပာယ်က လူမျိုးတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရမယ်၊ လူမျိုးတိုင်းဟာ တန်းတူအခွင့်အရေး ရှိရမယ်၊ ဒါပေမဲ့ မတူတဲ့ ရုပ်ဘဝကို လိုက်ပြီးတော့ တချို့က တိုင်းဖြစ်ချင်ဖြစ်မယ်၊ တချို့က ပြည်နယ်အဆင့်အတန်း ဖြစ်ချင်ဖြစ်မယ်၊ တချို့က ခရိုင် အဆင့်အတန်းလောက်ပဲ၊ ဥပမာ အခုဆိုကြပါစို့ဗျာ၊ ကျနော်တို့ တအန်း(ပလောင်)၊ တအန်း(ပလောင်)ဆိုတာ နေထိုင်မှုကလည်း စုစုစည်းစည်းရှိတာ မဟုတ်ဘူး။ အဲဒီတော့ တအန်း အမျိုးသားတွေနေတဲ့ နေရာတစ်ခုကို စုစည်းလိုက်တဲ့ အခါကြတော့ အခုက ဘာဖြစ်သွားလဲဆိုတော့ ပလောင်အမျိုးသားဒေသကို ကျနော်တို့က ခရိုင် အဆင့်အတန်းပဲ ပေးလို့ရတယ်၊ ပလောင်ပြည်နယ်တော့ ပေးလို့မရဘူး။ ပြည်နယ် အဆင့်အတန်း ပေးနိုင်လောက် တဲ့ အင်္ဂါလက္ခဏာတွေနဲ့ မကိုက်ညီသေးဘူး။ ကိုက်ညီလာတဲ့ အချိန်ကြ ပေးရမှာ၊ အဲဒီတော့ အခွင့်အရေးရှိတယ်၊ ဒါပေမဲ့ ရှိနေတဲ့ ရုပ်ဘဝပေါ်မှာ ကြည့်ရမှာ ဖြစ်တယ်၊ ဒါကြောင့်မို့ ကျနော်ခုနပြောတဲ့ (၈) ပြည်ထောင်မူဆိုတာဟာ ဗမာပြည်ရဲ့ လူမှုစီးပွားရေး အနေအထားနဲ့ ပြောရလို့ရှိရင် ၈ ပြည်ထောင်မူဟာ တကယ်ကြတော့ ဗမာပြည်ရဲ့ ရုပ် ဘဝ အကြောင်းအချက်တွေနဲ့ မကိုက်ညီဘူး” ဟု ပြောသည်။
(၈) ပြည်နယ်မူသည် တန်းတူ အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်ပြီး ကျန်သည့် လူမျိုးစုတွင် ပြည်နယ်ရှိပြီး ဗမာလူမျိုးစုတွင်လည်း အမျိုးသားပြည်နယ် တစ်ရပ်လိုသည်ဟုဆိုကာ တင်ပြတောင်းဆိုမှုများလည်း ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ၁ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ နေပြည်တော်ကောင်စီနယ်မြေ ၁ ခု စသဖြင့် စုစည်း သတ်မှတ် ပြဋ္ဌာန်းထားသည်။
ထို့နောက် ရှမ်းနီ၊ တအာင်း(ပလောင်)၊ “ဝ”၊ ပအိုဝ်း တို့က ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသလို မိုင်းလား (အထူးဒေသ ၄)ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။