CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့အတွင်း ခေါင်းဆောင်မှုအပိုင်းများ၌ ဗမာတိုင်းရင်းသားများသာ ဖြစ်နေမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းမှာ ကြာသွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြော သည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရလက်ထက်တိုင်း နိုင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍများ၌ ဗမာတိုင်းရင်းသား အများစုကသာလျှင် ဆက်လက် ဦးဆောင်နေကြသည်ဟု ၎င်းတို့က ထောက်ပြကြသည်။

ဗမာအမျိုးသာပါတီ တစ်ပါတီတည်းက နေရာအများစု အနိုင်ရပြီး အစိုးရဖွဲ့ အုပ်ချုပ်ခြင်းသည် အဆင်မပြေသဖြင့်  တိုင်းရင်းသားခေါင်းဆောင်များအား သက်ဆိုင်ရာ နယ်မြေအလိုက် ပါဝင်စေပြီး အာဏာကို ခွဲဝေမျှပေးလျှင် အဆင်ပြေကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ပါတီနဲ့အစိုးရအဖွဲ့ ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ခေတ်ကတည်းကိုက ကျနော် အကြံပေးဖူးပါတယ်။ အနိုင်ရပါတီ၊ ဗမာအမျိုးသားပါတီ၊ တစ်ပါတီတည်းက အများစုနိုင်ပြီးတော့ အစိုးရဖွဲ့ပြီးတော့ အုပ်ချုပ်ရင် အဆင် မပြေဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့လိုတယ်။ တစ်ပါတီပဲနိုင်နိုင်ပေါ့။ ဖွဲ့တဲ့အချိန် မှာတော့ နားလည်မှုနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေပါ သူ့နယ်နဲ့သူ ပါဝင်စေပြီးတော့ အုပ်ချုပ်ရေးအာဏာကို ခွဲဝေ မျှပေးတယ်ဆိုရင်တော့ အဆင်ပြေတယ် ကျ‌နော်တို့ ပြောဖူးတယ်။ ဒါပေမယ့် အခုအချိန်အထိ အကောင် အထည် မဖော်နိုင်ဘဲ ပျက်သွားတယ်။ ကျနော်လည်း အဲဒါကို သဘောတူတယ်။ အနိုင်ရပါတီ တစ်ပါတီ အုပ်ချုပ် ရေးပဲ လုပ်ရင် ကြာကြာအုပ်ချုပ်လို့ မလွယ်ဘူး။ တိုင်းရင်းသားတွေကလည်း ပြဿနာပေါ်လာမှာပဲလို့ အဲဒီလို တွက်တယ်လေ။ ဒါကြောင့် အာဏာခွဲဝေတဲ့ဟာကို အခုကတည်းက နည်းနည်း လေ့ကျင့်ထားရင်တော့ ကောင်းပါ တယ်လို့ အကြံပေးချင်တာပေါ့။ ငြိမ်းချမ်းရေးကတော့ ကြာသွားနိုင်တာပေါ့။ ညှိနှိုင်းလို့မရပဲ ဖြစ်သွားနိုင်တယ်။ စစ်တပ်ရယ်၊ ဗမာအမျိုးသား ဦးဆောင်တဲ့ပါတီရယ်၊ အဲဒီလိုပဲ တစ်ပြန်တစ်လှဲ တစ်ပြန်တစ်လှဲ လက်လွှဲ လွှဲပြောင်း ရင်းနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖက်ဒရယ်ပုံစံ ဖော်မယ်ဆိုရင် အစိုးရကိုက ဖက်ဒရယ်အစိုးရပုံစံ ဖြစ်အောင် လုပ်ဖို့ လိုလာတယ်။ အဲဒါကြောင့် လူမျိုးပေါင်းစုံပါတဲ့ ညီညွတ်ရေးအစိုးရ အကောင်းဆုံးပါပဲလို့ unity government ပေါ့လေ။ အဲဒါကို ကျနော်တို့က အကြံပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတော့ ဘယ်လိုပုံစံ ပေါ်မလဲ ကြိုမသိတဲ့အခါကြတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေအရ ထက်ဝက်ကျော်ခန့်သည် ဗမာလူမျိုး အများဆုံး ဖြစ်သည့်အတွက် အစိုးရအဖွဲ့များ အတွင်း ဗမာတိုင်းရင်းသားအများစု ရှိနေခြင်းဖြစ်နိုင်ကြောင်း၊ အစိုးရအဖွဲ့တွင် ဗမာတိုင်းရင်းသားများအား ဦးဆောင်မှု နေရာပေးထားသော်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ရသွားသည်မျိုးကို လက်ရှိအချိန်အထိ မတွေ့ရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။

ယခင် မြန်မာဘုရင်မင်းများ လက်ထက်၌ ရှမ်းပြည်နယ်ကို စော်ဘွားများအား လုပ်ပိုင်ခွင့်ပေး၍ အုပ်ချုပ်စေခဲ့ပြီး ဘုရင်များအနေဖြင့်မူ နိုင်ငံခြားရန် ကာကွယ်ရေး၊ အခွန်ကောက်ခံရေးတို့ကိုသာ ဆောင်ရွက်ခဲ့ခြင်းသည် ဖက်ဒရယ်စနစ်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ လုပ်ပိုင်ခွင့် ပေးထားမှုကြောင့် အောက်ခြေရှိ တိုင်းရင်းသားများသည် ဗမာက အုပ်ချုပ်သည်ဟု မခံစားရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အစိုးရ-လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

ထို့ကြောင့် တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖက်ဒရယ်အခွင့်အရေး မရမချင်း ပဋိပက္ခများ၊ မကျေနပ်မှုများ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၎င်းက “အခု ဖက်ဒရယ်စနစ်ကို ကျနော်တို့က ကျင့်သုံးမယ်ဆိုရင် အောက်ခြေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အဲဒါတွေ ရွေးတာကအစ ပြည်သူလူထုရဲ့မဲနဲ့ ရွေးကောက် တင်မြှောက်တဲ့စနစ် ဖြစ်ရမယ်။ အခုလို မြို့နယ်အုပ်ချုပ်ရေးမှူးဆိုပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက ခန့်၊ ဗမာတွေက ရောက်လာ၊ ပြည်ထဲရေး ဝန်ကြီးဌာနကို အစီရင်ခံ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ကြီးကလည်း စစ်တပ်ကနေ လွှတ်ထားတဲ့လူ အဲဒီလို ဖြစ်နေရင်တော့ ဗမာအုပ်ချုပ်ရေးက အပေါ်ယံကတော့ ရှမ်းပြည်နယ်အစိုးရ၊ ကယားပြည်နယ်အစိုးရ ရှိပေမယ့် တကယ့် လက်တွေ့ အုပ်ချုပ်နေတာက ဗမာတွေ၊ ဝန်ထမ်းတွေ။ နောက်အပေါ်ဆုံးမှာ စစ်တပ်က လွှတ်ထားတဲ့ ဝန်ကြီး အဲဒီလိုတွေ ဖြစ်နေတယ်။ နောက်တစ်ခါ ပြည်နယ်အစိုးရ ကြည့်ပြန်တော့လည်း ပြည်နယ်အစိုးရ ဝန်ကြီး ချုပ် အစိုးရဖွဲ့နိုင်တဲ့ ဝန်ကြီးချုပ်ဆိုတာက တစ်ပြည်လုံးမှာ အာဏာရတဲ့ပါတီက သမ္မတကနေ nominated လုပ် တာ။ သူတို့ပြည်နယ်က လွှတ်တော်ကရွေးတဲ့ ဝန်ကြီးချုပ် မဟုတ်ဘူး။ အဲဒါတွေက ဖက်ဒရယ်စနစ် မဟုတ်ဘူး။ အဲဒီတော့ ကျနော်ပြောချင်တဲ့ သဘောက ထိပ်ဆုံးမှာကတော့ ဗမာလူမျိုး၊ ဗမာအစိုးရ၊ ဗမာလူမျိုး အများစု ကိုယ်စားပြုတဲ့အစိုးရ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အောက်ခြေမှာ ခုနကပြောတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ် အခွင့်အရေးတွေ မရမချင်းကတော့ ပဋိပက္ခတွေ၊ မကျေမနပ်မှုတွေက ဆက်ရှိ နေမှာ။ အဲဒါကို သဘောပေါက်ဖို့ လိုတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တာဝန်ပေးအပ်ထားသည့် ဝန်ကြီးများ အနေ ဖြင့် အားနည်းနေပါက ဗဟို၏ချုပ်ကိုင်မှု အားကြီးလာမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံ‌ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် တက်လာမည့် အစိုးရသစ် တစ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများက ထောက်ပြထားကြသည်။ 

မြန်မာ့တပ်မတော်မှ အုပ်ချုပ်သည့် ၅ နှစ်တာကာလ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံရေး စနစ်မျိုး သွားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။