CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆

ခေတ်အဆက်ဆက် အစိုးရများလက်ထက်တွင် အာဏာကို အဓိက ရယူထားကြသည့် ဗမာခေါင်းဆောင်ပိုင်းများ သည် ဗမာမဟုတ်သော တိုင်းရင်းသားများအပေါ် လူမျိုးရေးခွဲခြားခြင်းထက် ဗဟိုအာဏာကို ခွဲဝေမပေးချင်သည့် အကျင့်ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အာဏာကို ခွဲဝေမပေးချင်သည့် အတွက်ကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများက မကျေနပ်ကြ ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဒေါက်တာအောင်မျိုးက “ဗမာက သူတို့ကို နှိမ်တယ်ဆိုတာလည်း မဟုတ်ဘူး။ ဘာမှလည်း မနှိမ်ဘူး။ ခွဲလည်း မခွဲ ခြားပါဘူး။ ဒါပေမယ့် အစဉ်အဆက်ကိုက အဲဒီလို ချုပ်ကိုင်ထားချင်တာပေါ့။ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားချင်တဲ့ အကျင့်က ကျနော်တို့ဆီမှာက ပါလာတာက ရှင်ဘုရင်တွေ လက်ထက်ကတောင် အဲဒီလိုမလုပ်ဘူး။ အထူးသဖြင့် ၅၈ ပေါ့နော် အိမ်စောင့်အစိုးရ။ ပြီးရင် တော်လှန်ရေးကောင်စီ။ ၇၄ မှာလည်း မထူးပါဘူး။ ဖွဲ့စည်းပုံအရလည်း ဆိုရှယ်လစ်သမ္မတနိုင်ငံ မဖြစ်လည်း မထူးပါဘူ။ အဲဒီတော့ န.ဝ.တ၊ န.ယ.က ခေတ် ဒါကတော့ ပိုဆိုးသွားတာပေါ့။ သူတို့ကြည့်ရတာ control လုပ်ချင်တဲ့ သဘောသဘာဝရှိတယ်။ ချုပ်ကိုင်ချင်တဲ့ သဘောသဘာဝရှိတယ်။ သူ့ရဲ့ သဘာဝအရ အဲဒါကြီးကို မှားနေတာပေါ့။ ဖြန့်ဝေမပေးဘူး။ အာဏာကို distribute မလုပ်ဘူး။ ဒါပေမယ့် လူမျိုး ရေး ဘာညာ အဲဒီလို မရှိပါဘူး။ အုပ်ချုပ်တဲ့ လူတန်းစားက control ကို ကိုင်ချင်တဲ့ အကျင့်ရှိတယ်။ အဲဒီအကျင့်က မပျောက်ဘူးပေါ့။ ဒါကြောင့် တိုင်းရင်းသားတွေကလည်း မကျေနပ်တာပေါ့” ဟု ပြောသည်။

NSPNC အစည်းအဝေး ကျင်းပနေစဉ်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်အား ဆောင်ရွက် မည် ဖြစ်ကြောင်း၊ လူကို အ‌ခြေခံသည့် ဖက်ဒရယ်စနစ်အား မကျင့်သုံးဘဲ ဒေသကို အခြေခံသော ဖက်ဒရယ်စနစ် ကို ကျင့်သုံးသွားမည်ဟု ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်မယူခင်က ပြောကြားခဲ့ဖူးသည်။

ခေတ်အဆက်ဆက် တိုင်းရင်းသားများ၏ အဓိက လိုလားချက်က ဗမာလူမျိုးကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ မည် သည့် အစိုးရတက်တက် ဗဟိုမှ အာဏာအကြွင်းမဲ့ ချုပ်ကိုင်သည့် မဟာဗမာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စနစ် ကိုသာ ဆန့်ကျင်ခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ဗမာမဟုတ်သော တိုင်းရင်းသားများ လိုချင်သည့်အရာမှာ စာအုပ်ကြီးထဲက ဖက်ဒရယ်မဟုတ်ဘဲ လက်တွေ့ကျ သည့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သာဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။

ထို့ကြောင့် ဖက်ဒရယ်မူ ပေါ်ပေါက်လာခဲ့ပါက လူမျိုးတစ်မျိုးတည်းမှ ကြီးစိုး၍ မရတော့ကြောင်း NCA ထိုးထား သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။

တိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်

၎င်းက “အဲဒါလည်း ဖက်ဒရယ်မူ ပေါ်လာရင်တော့ လူမျိုးတစ်မျိုးတည်းက ကြီးစိုးလို့ မရတော့ဘူးလေ။ ဘာလို့ဆို ဖက်ဒရယ်မူက အာဏာခွဲဝေမှုက ရှိလာတော့မှာကို။ အဲဒီလို ရှိလာလို့ရှိရင် အာဏာခွဲဝေမှု တည့်သွားရင်တော့ ကျနော်တို့ ပဋိပက္ခလည်း လျော့သွားပြီးတော့ အားလုံးသဘောတူတဲ့ ဖက်ဒရယ်ပုံစံ ဖွဲ့စည်းပုံလည်း ဖြစ်လာနိုင် တာပေါ့။ အဲဒီအချိန်ထိ စောင့်ရမှာပေါ့” ဟု ပြောသည်။

လက်ရှိ မြေပြင်အခြေအနေ ပြောင်းလဲလာမှုများအရ အာရက္ခတပ်တော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အပြင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်များသည် ဖက်ဒရယ်ထက် ပိုမိုလွတ်လပ်ပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မြင့်မားသည့် ကွန်ဖက်ဒရိတ် အဆင့်မျိုးကို ဦးတည်တောင်းဆိုပြီး မြေပြင်မှာ လက်တွေ့ အကောင် အထည်ဖော် တည်ဆောက်နေကြသည်ကို တွေ့ရသည်။

အလားတူ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)တို့သည် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုကနေ ကင်းလွတ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ အပြည့်အဝ ရရှိလျက်ရှိနေသည်။