CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂
ဗမာမဟုတ်သော တိုင်းရင်းသားများအနေဖြင့် ၎င်းတို့လူမျိုးများ နေထိုင်ရာ ဒေသအချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး တောင်းဆိုနေကြခြင်းသည် ဂုဏ်သိက္ခာအတွက် တောင်းဆိုနေကြခြင်းလား ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခြင်းသည် ဂုဏ်သိက္ခာအရလည်း ပါဝင်ကာ တစ်စုံတစ်ရာ သတ်မှတ်ခြင်း မခံရသည် ထက်စာလျှင် အခွင့်အရေး ပိုရသည့်အတွက်ကြောင့် ဖြစ်သည်ဟု ယူဆ၍ရကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ဂုဏ်သိက္ခာလည်းပါတယ်။ နောက်နည်းနည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးလို့ရတဲ့ အခွင့်အလမ်းလေး နည်းနည်းပါးပါး ရှိနိုင်တာပေါ့။ ဥပမာ ပအိုဝ်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ် ၃ ခုဆိုလည်း အဲဒီမြို့နယ် ၃ ခုမှာ ဖွံ့ဖြိုးရေးဘာလေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းလေး လုပ်နိုင်တာ ရှိတာ ပေါ့လေ။ နည်းနည်းတော့ ဘာမှသတ်မှတ်ခြင်း မခံရတာထက် စာရင်တော့ အခွင့်အရေး ပိုရတယ်လို့တော့ ယူဆရ တာပေါ့” ဟု ပြောသည်။

ရှမ်းနီတိုင်းရင်းသားများ ပြည်နယ်တောင်းဆိုနေကြစဉ်
အများစုသော တိုင်းရင်းသားလူမျိုးများ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် တောင်းဆိုကြခြင်း မိမိတို့ နေထိုင်ရာ ဒေသရှိ တိုင်းရင်းသားလူမျိုးများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ရည်ရွယ်ကာ တောင်းဆို ကြခြင်းဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းတဲ့ဒေသတွေက တော်တော်လေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတယ်၊ နိမ့်ကျနေတယ်၊ လူမှုဘဝ တိုးတက်မှု နှောင့်နှေးနေတဲ့ ဒေသတွေ တောင်းတာ များတယ်။ အဲဒီတော့ ကိုယ့်ဒေသကိုယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ ဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ကို အဓိက ရည်ရွယ်ပြီးမှ တောင်းတယ်လို့ အဲဒီလိုယုံကြည်ပါတယ်။ ဒါတော့ ကျနော်တို့ နိုင်ငံတော်မှာ ခေါင်းဆောင် နေတဲ့ နိုင်ငံအကြီးအကဲတွေက အဓိက ကျနော်တို့က လိုချင်တာကတော့ ကိုယ့်ဒေသကိုယ် တာဝန်ရှိပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား တာဝန်ရှိ ပုဂ္ဂိုလ်တွေ ခန့်အပ်တာတို့၊ ရာထူးတိုးမြှင့် ပေးတာတို့ တိုင်းရင်းသားတွေကတော့ အဲဒီလို ဆန္ဒရှိတာပေါ့။ ဒါပေမယ့် အခုလက်ရှိ အချိန်မှာတော့ ဒီကိစ္စက ဒီဟာလုပ်နိုင် တဲ့ အာဏာပိုင် အဖွဲ့အစည်းကတော့ ကျနော်တို့ ဗမာတိုင်းရင်းသားထဲမှာပဲ ရှိတာကို။ အဲဒီတော့ ဗမာ တိုင်းရင်း သားတွေဘက်က လုပ်နိုင်ရင်တော့ အတိုင်းအထက်အလွန် ဝမ်းသာပျော်ရွှင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားများသည် ၎င်းတို့ရရှိထားသည့် နိုင်ငံရေး အဆင့်အတန်းကို မလျှော့ချင်ကြကာ ၎င်းတို့ သက်ဆိုင်ရာ နယ်မြေအလိုက် စီမံချင်ကြသည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် တောင်းဆိုကြခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလူငယ်များကိုတွေ့ရစဉ်
သို့သော် အချို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖြစ် ပေးထားသည့် တိုင်းရင်းသားလူမျိုးစုများတွင်မူ ၎င်းတို့ သဘောအရ သေဒဏ်များပေးနေခြင်းကိုမူ လက်မခံနိုင်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “ဂုဏ်သိက္ခာအတွက်ဆိုလည်း ပြောနိုင်ပါတယ်။ ဂုဏ်သိက္ခာအတွက်တွေ၊ ဘာတွေ မပြောပါနဲ့ တကယ်ကို သူတို့လိုချင်တာပေါ့နော်။ လက်ရှိရထားတဲ့ status ကို ဘယ်လျှော့ချင်မလဲ။ များသော အားဖြင့်တော့ ကိုယ့်နယ်မြေကိုယ် စီမံကြချင်တယ်ပေါ့။ ဒီသဘောတရားကိုတော့ ဒီဘက်က ပြည်မ နိုင်ငံရေး သမားတွေ အနေနဲ့ကလည်း ဒါက လက်ခံနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် စီမံပိုင်ခွင့်ဆိုတာကို လက်ခံတယ်။ သို့သော် တစ်ခုရှိတာက သေဒဏ်ပေးတာလို ကိစ္စမျိုးတွေကို ပြည်ထောင်စုကို အတည်ပြုမှု ခံယူတာတွေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့၊ သမ္မတရဲ့ အသနားခံပိုင်ခွင့်တွေ ဒါတွေမထားဘဲနဲ့ ကိုယ့်သဘောနဲ့ ကိုယ် လုပ်နေတာမျိုးကတော့ လက်မခံနိုင်ဘူးပေါ့။ အဲဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကြတော့လည်း အတိုင်း အတာ ရှိတာပေါ့။ သူ့ကို ဘယ်လောက် ပေးမလဲဆိုတာရှိတာပေါ့။ အဲဒီတော့ အတိုင်းအတာ တစ်ရပ်အထိ ပေးခြင်း ကိုတော့ ကျနော်တို့က လက်ခံပါတယ်။ ဒါကတော့ ကျနော်တို့ နိုင်ငံရေးသမား တော်တော်များများ လက်ခံမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ထားသည်။
ထို့ပြင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိရေးကို ပိုမိုတောင်းဆိုလာကြကာ ရှမ်းနီ၊ လားဟူ၊ လီဆူ၊ အာခါ စသည့် တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ပြည်နယ် သတ်မှတ်ပေးရန် တွေ့ဆုံ ဆွေးနွေးမှုများကနေ တဆင့် တောင်းဆိုလျက် ရှိနေသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်း သား လက်နက်ကိုင်များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသနှင့် တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆိုမှုကြား ရောယှက်၍ ယူဆ လို့မရကြောင်း၊ အဘယ်ကြောင့်ဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီး ဗဟိုချုပ်ကိုင်မှုဖြင့် လည်ပတ်နေခြင်း ကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသော အခွင့်အာဏာကို တောင်းဆိုနေကြ ခြင်းဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
