CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများသည် လက်နက်မကိုင်လျှင် လူရာမဝင်သည့် အသိစိတ်ဓာတ်များ ဝင်ရောက်နေသည်ဟု လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။ 

ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများသည် တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေး ရရှိ‌ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ထွန်ကား  ရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးစသည့် အချက်များအား တောင်းဆိုကာ လက်နက်ကိုင်တော်လှန် လျက် ရှိသည်။ 

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်များ အားလုံးသည် လက်နက်ကိုင် တော်လှန်နေကြခြင်းမျိုး မဟုတ်သကဲ့သို့ လက်နက်ကိုင် တော်လှန်နေကြသည့် လူမျိုးများမှာ အနည်းငယ်သာရှိကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ကျန် တိုင်းရင်းသား မျိုးနွယ်များ အပေါ်တွင် ရသင့်ရထိုက်သည့် အခွင့်အရေးများ ပေးရန်လည်း စဥ်းစားသင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်များသည် လက်နက်မကိုင်လျှင် အရာမဝင်ဘူးဟု အသိစိတ် ဝင်နေ ကြောင်း၊ အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးများ အားလုံးအပေါ် တန်းတူညီမျှမှု ရရှိနိုင်ရေးအတွက် လက်တွေ့ ဆောင်ရွက်ရန် လိုအပ်သည်ဟု လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။ 

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်လာသူများကို တွေ့ရစဉ်

၎င်းက “ကျနော်ပြောသလိုပေါ့နော် အဓိက,က တန်းတူရေးပဲ။ ကျန်တဲ့တိုင်းရင်းသား မျိုးနွယ်စုတွေကိုလည်း လက်နက်ကိုင်တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ရသလို သူတို့ကို အခွင့်အရေးပေးသလို ပေးရပါမယ်။ ဘာဖြစ် လို့လဲဆိုတော့ တိုင်းရင်းသားတွေ အခု ၉၀ ရာခိုင်နှုန်း တိုင်းရင်းသားတွေက အခုသူတို့ရဲ့ ခံယူချက်ထဲမှာ မြန်မာ နိုင်ငံမှာ လက်နက်မကိုင်ရင် လူရာမဝင်ဘူးလို့ လက်နက်ရှိမှ လူရာဝင်တယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေက ဝင်နေ တယ်။ အဲဒီတော့ အဲဒီ အသိစိတ်ဓာတ်ကို နိုင်ငံတော်အစိုးရ၊ နိုင်ငံတော် ခေါင်းဆောင်များက ဒါကို ပြေပျောက် အောင် လုပ်နည်းလုပ်ဟန်နဲ့ လုပ်ရပါမယ်။ အဲဒါမှလည်း ကျန်တဲ့တိုင်းရင်းသား မျိုးနွယ်စုကလည်း ကျေနပ်မှုရှိပြီးမှ သူတို့အနေနဲ့ နိုင်ငံတော်အပေါ်မှာ အစဉ်အမြဲပဲ ကျေးဇူး တင်နေမှာ ဖြစ်တယ်။ ဒီကိစ္စမှာ အချို့တိုင်းရင်းသား လူမျိုးတွေရဲ့ လက်နက်ကိုင် အဖွဲ့အစည်းလည်းရှိတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ လူမျိုးကလည်း လူမျိုးအကုန်လုံးက အဲဒီလက်နက်ကိုင် အဖွဲ့အစည်းကို ထောက်ခံတာ မဟုတ်ဘူး။ အများစု ဖြစ်တဲ့ တိုင်းရင်းသားတွေကို နိုင်ငံတော်အစိုးရက တကယ်ပဲ လက်တွေ့ကိုပြရမှာ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိနေသည့်တိုင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြောင်းလဲသွားသည့် နိုင်ငံရေး အခင်းအကျင်းနှင့်အတူ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ 

လက်ရှိ အခင်းအကျင်းအရ အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အသိ အမှတ်ပြုရန် တွန့်ဆုတ်နေခြင်းသည်လည်း စစ်ပွဲများ ကြာရှည် နေနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း၊ တိုင်း ရင်းသား လက်နက်ကိုင်များ အနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သည် များကိုသာ တောင်းဆိုရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များက ထောက်ပြကြသည်။ 

လက်နက်ကိုင် တော်လှန်နေကြသည့် တိုင်းရင်းသား လူမျိုးများနှင့်သာ ငြိမ်းချမ်းရေး စကားပြောရုံနှင့် ထာဝရ ငြိမ်းချမ်းရေးကို ရရှိနိုင်သေးမည် မဟုတ်ကြောင်း လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။ 

တိုင်းရင်းသား လူငယ်များကို တွေ့ရစဉ်

၎င်းက “ကျနော်တို့က အဲဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပဲ ဆွေးနွေးလို့လည်း မပြီးဘူးပေါ့။ ဘာဖြစ်လို့ မပြီးလဲဆိုတော့ တိုင်းရင်းသားတွေက ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား အများကြီးရှိတယ်။ ၁၀၀ နီးပါးလောက် ရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးမှ အပစ်အခတ် ရပ်စဲပြီ၊ ငြိမ်းချမ်းရေးရသွားပြီ။ ဒါပေမယ့် နောက်တိုင်းရင်းသား အဖွဲ့တွေက ပြန်ပြီးမှ လက်နက်ကိုင်ပြီးမှ မတော်လှန်နိုင်ဘူးဆိုတာတော့ ပြောလို့မရဘူး။ ဒါက လက်နက်ကိုင်အဖွဲ့နဲ့ပဲ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ဟာက အားလုံးပြီးပြည့်စုံတယ်လို့ ပြောလို့မရဘူး။ အဲဒီ တော့ ဒီဒေသမှာရှိတဲ့ ပြည်နယ်များမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ၁၀၀ ရာခိုင်နှုန်းထဲက လက်နက်ကိုင် အဖွဲ့အ စည်းက ၁၀ ရာခိုင်းနှုန်းတောင် မရှိဘူးလေ။ အဲဒီတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေ၊ ရပိုင်ခွင့်တွေ၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ အစိုးရက ပေးဖို့လိုတယ်။ အဲဒီလိုပေးမှပဲ ထာဝရ ငြိမ်းချမ်း ရေးဆိုတာ ဖြစ်လာနိုင်မှာ။ မပေးဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလောက်ပဲ ငြိမ်းချမ်းရေးရပြီ ငြိမ်းချမ်းရေး ဆွေးနွေးတာ အောင်မြင်ပြီလို့ ပြောလို့တော့ မရသေးဘူး။ အဲဒီတော့ အဓိက အရေးကြီးတာက ၉၀ ရာခိုင်နှုန်း လောက်ရှိတဲ့ တိုင်းရင်းသား‌‌တွေရဲ့ အခွင့်အရေးတွေ အဲဒါ တကယ့်လက်တွေ့ ပြည်ထောင်စုအစိုးရက လုပ်ပေးဖို့ လိုတယ်လို့ ကျနော့် တစ်ဦးတစ်ယောက်ရဲ့ အမြင်နဲ့ မြင်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

တန်းတူညီမျှမှု မရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပဋိပက္ခ များ ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းများ ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်းများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့် လူမျိုးစု ပဋိပက္ခများ ပြေလည် စေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက် ပြီး တိတိကျကျ ထည့်သွင်း‌ပေးသင့်သည်ဟု စစ်ရေးနှင့် နိုင်ငံ‌ရေးအကဲခတ်များက ထောက်ပြနေကြသည်။