CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆိုင်သလား မဆိုင်ဘူးလားဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းကြား အမြင်မတူညီမှုများ ရှိနေသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မသက်ဆိုင်ဘူးဟု ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO) မှ ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။ 

၎င်းက “ကျနော်တို့အမြင်ကတော့ အဲဒီလိုတော့ မဟုတ်ဘူးပေါ့နော်၊ လက်ရှိ ကျနော်တို့ တိုင်းပြည်သွားတဲ့ ယန္တရား ကတော့ ၂၀၀၈ ကို အခြေခံပြီးသွားတယ်ပေါ့။ ငြိမ်းချမ်းရေးကိစ္စကတော့ ၂၀၀၈ နဲ့မဆိုင်ဘူးလို့ ကျနော်တော့ နားလည်တယ်ပေါ့နော်။ ဥပမာ ဒီမိုကရေစီ ဖက်ဒရယ်စနစ် သွားတဲ့အခါမှာ တပ်မတော်နဲ့သော်လည်းကောင်း၊ အစိုးရနဲ့သော်လည်းကောင်း၊ EAO နဲ့သော်လည်းကောင်း အဖွဲ့အစည်း တစ်ခုချင်းပေါ့နော်။ အပြင်မှာ လွတ်လွတ် လပ်လပ် ဆွေးနွေးကြတယ်။ အာလုံးက သဘောတူညီမှု ရပြီဆိုရင်တော့ လမ်းကြောင်းက လွှတ်တော်ထဲမှာ အခု က အစိုးရရှိတယ်၊ လွှတ်တော်ရှိတယ် လွှတ်တော်မှာ ကျနော်တို့ ပြင်လို့ရတယ်ပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနဲ့ အညီ လွှတ်တော်က ပြင်လိုက်ရင် လုပ်လို့ရတယ်ပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုပေမယ့် လွှတ်တော် ကနေ ပြုပြင် ပြင်ဆင်လို့ ရတယ်ပေါ့နော်။ ပြုပြင် ပြင်ဆင်လို့ရတဲ့ လမ်းကြောင်းက ရှိပြီးသားပေါ့နော်။ ဆို‌တော့ လက်ရှိ ငြိမ်းချမ်းရေးကိစ္စကတော့ အစိုးရကတော့ ၂၀၀၈ ကိုင်ပြီးတော့ တိုင်းပြည်ကို ယန္တရားကို လည်ပတ်တာ တော့ မှန်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စကျတော့ ၂၀၀၈ နဲ့မဆိုင်ဘူး။ လွတ်လွတ်လပ်လပ် ဆွေးနွေးတယ် သဘောတူညီမှုရပြီ ရတဲ့အပေါ် အားလုံး ဘုံသဘောတူညီမှုရပြီဆို လွှတ်တော်မှာ အတည်ပြု ပြင်ဆင်လုပ်ဆောင် လို့ ရတယ်ပေါ့နော်။ ကျနော်တို့က အဲဒီလို နားလည်တယ်” ဟု ပြောသည်။ 

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်လာသူများကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့် လူမျိုးစု ပဋိပက္ခများ ပြေလည် စေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက် ပြီး တိတိကျကျ ထည့်သွင်း‌ပေးသင့်သည်ဟု စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များက ထောက်ပြနေကြသည်။ 

တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်များသည် ဖက်ဒရယ်ထက်‌ ကျော်လွန်ကာ စဥ်းစားနေကြ သကဲ့သို့ ကွန်ဖက်ဒရေးရှင်း အဆင့်ထက် မနိမ့်သည့် နိုင်ငံရေး အဆင့်အတန်းမျိုးလည်း လိုလားလျက် ရှိနေကြ သည်။ 

ထို့အပြင် မြန်မာနိုင်ငံ၏ ပြဿနာသည် ဖွဲ့စည်းပုံပြဿနာဖြစ်ပြီး အားလုံးသ‌ဘောတူ လက်ခံနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။ 

ငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အချို့အချက်များသည် တိုက်ရိုက် ဆက်စပ်မှုရှိနေကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရာတွင်လည်း တိုင်းရင်းသားကိစ္စရပ်များ ထည့်သွင်း မစဥ်းစားလျှင် ငြိမ်းချမ်းရေး ရနိုင်မည် မဟုတ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုက်တယ်ဆိုတာကတော့ အဓိက,ကတော့ တိုင်းရင်းသားတွေနဲ့ ပတ် သက်ပြီးမှ အခြေခံဥပဒေမှာ ပြင်နိုင်ရင်တော့ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးမှ အခြေခံဥပဒေမှာ ပြင်လို့ ရရင်တော့ ငြိမ်းချမ်းရေးကတော့ မဖြစ်မနေရရမှာပဲ။ ‌ဒါပေမယ့် အခြေခံဥပဒေအရ တခြား ကိစ္စတွေပဲ ပြင်နေပြီးမှ ဒီတိုင်းရင်းသား ကိစ္စတွေက စဉ်းစားမပေးရင်တော့ ဒါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအပေါ်မှာ လည်း မူတည်ပါတယ်။ အချို့အပိုင်းတွေက တိုက်ရိုက် ဆက်စပ်မှုရှိပါတယ် အချို့အပိုင်းတွေက NCA ကလည်း အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ NCA လက်မှတ် ထိုးတုန်းကလည်း တိုင်းရင်းသား တွေရဲ့ အ‌ခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အဲဒါတွေကို ပြုပြင်နိုင်ဖို့ ကျနော်တို့ ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးသဘောတူညီပြီးမှ ရတဲ့အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြုပြင်မယ်ဆိုပြီးမှ သူက အဲဒီလိုသွား တာကို။ အဲဒီတော့ အချို့ အချက်အလက်လေးတွေက ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာလည်း ရှိပါတယ် အချို့ အချက်လေးတွေကတော့”ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်လာသူများကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေး ပုံသဏ္ဍာန်မျိုးစုံသည် အဆင်မပြေခဲ့ သည်ကို မြင်တွေ့ရကြောင်း၊ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် နည်းနာအသစ်များကို စဥ်းစားလုပ်ဆောင်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ 

ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေးခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ်မဖြစ်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား သုံးသပ်မှုများရှိနေကြသည်။

NCA စာချုပ်၏ အပိုဒ် ၂၂ (ဃ)တွင် ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်ဟု ပါရှိသည်။