CNI International News
တိုင်ပေ၊ ဇူလိုင် ၁
တရုတ်၏ သူလျှိုလှုပ်ရှားမှုများကို အလျှော့မပေးရန်နှင့် ဒီမိုကရေစီနှင့်လွတ်လပ်ခွင့်ကို ကာကွယ်ရန် ထိုင်ဝမ် သမ္မတ လိုင်ချင်တေး (Lai Ching-te) က ထိုင်ဝမ်စစ်တပ်၏ ဗိုလ်လောင်းများကို ဇွန်လ ၃၀ ရက်က သတိပေးခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်နှင့် တရုတ်ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် သူလျှိုလုပ်ခြင်း၊ ထောက်လှမ်းခြင်းတို့ ကာလကြာ ရှည် ရှိခဲ့ဖူးပြီး အထူးသဖြင့် ထိုင်ဝမ်တွင် တရုတ်၏ သူလျှိုလုပ်မှုများသည် သိသိသာသာ မြင့်တက်လာခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး ထိန်းချုပ် သွားမည်ဟု သတိပေးထားကာ ထိုင်ဝမ်ကျွန်းအနီးတွင် စ-စ်ရေးလှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်လျက်ရှိသည်။
စစ်သားတစ်ဦး၏ ဂုဏ်သိက္ခာသည် သစ္စာစောင့်သိမှုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း လိုင်က တိုင်ပေမြို့တော် ဆင်ခြေဖုံးရှိ Fu Hsing Kang ကောလိပ်တွင် ပြုလုပ်သည့် ဗိုလ်လောင်းများ၏ ဘွဲ့နှင်းသဘင် အခမ်းအနား၌ ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကို တွေ့ရစဉ်
“တရုတ်ရဲ့ စိမ့်ဝင်ထိုးဖောက်မှုတွေ၊ သွေးခွဲမှုတွေ၊ အဖျက်အမှောင့်လုပ်ငန်းတွေ၊ ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့ ဝင်တွေကို ပစ်မှတ်ထားနေတဲ့ သူလျှိုလှုပ်ရှားမှုတွေ အပါအဝင် များပြားလှတဲ့ ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်တဲ့ နေရာမှာ မိတ်ဆွေနဲ့ ရန်သူကို ကွဲကွဲပြားပြားသိအောင် သတိဝိရိယထားကြဖို့ ခင်ဗျားတို့ အားလုံးကို ကျနော် တိုက်တွန်းချင်ပါတယ်။ ပုံစံမျိုးစုံနဲ့လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ သွေးဆောင် ဖြားယောင်းမှုတွေကို ကြံ့ကြံ့ခံ တော်လှန်ခြင်းကသာ ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်” ဟု လိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ရန်၊ ပြည်ပ၏ စိမ့်ဝင်ထိုးဖောက်မှုကို ကာကွယ်ရန်၊ ဒီမိုကရေစီနှင့် လွတ်လပ် ခွင့်ကို တည်ကြည်စွာ ထိန်းသိမ်းရန်နှင့် လိုင်က ဗိုလ်လောင်းများကို တိုက်တွန်းခဲ့ပြီး ထိုင်ဝမ်နှင့် တရုတ်သည် တစ်ဖက်နှင့်တစ်ဖက် လက်အောက်ခံများ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ပြည်တွင်းစစ်တွင် မော်စီတုန်း ( Mao Zedong) ၏ ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့ပြီး ထိုင်ဝမ်သို့ တိမ်းရှောင် ခဲ့ပြီးနောက် ၂ နှစ်အကြာဖြစ်သည့် ၁၉၅၁ ခုနှစ်က တည်ထောင်ခဲ့သော ထိုကောလိပ်သည် လက်ရှိတွင် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
စစ်အေးတိုက်ပွဲ ကာလက ထိုကောလိပ်သည် ကွန်မြူနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပြည်ပနိုင်ငံများမှ အရာရှိ များကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး လက်ရှိ အချိန်အထိလည်း ပြည်ပကျောင်းသားများ တက်ရောက်နေဆဲ ဖြစ်သည်။
ဇွန်လ ၃၀ ရက်က ပြုလုပ်သည့် ဘွဲနှင်းသဘင် အခမ်းအနားကို ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေးရှိသည့် ဘီလစ်ဇ်၊ ဂွာတီမာလာ၊ ပါရာဂွေးနိုင်ငံများမှ သံအမတ်များ တက်ရောက်ခဲ့သည်။
Source: ရိုက်တာ
