CNI International News

ဘေကျင်း၊ ဒီဇင်ဘာ ၁၂

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမည်ဖြစ်ပြီး ခွဲထွက်ရေး လှုပ်ရှားမှုများအား သည်းခံမည် မဟုတ်ကြောင်း တရုတ်အစိုးရက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်များကို မြင်တွေ့ရကြောင်း ထိုင်ဝမ်က ထုတ်ပြန်နေချိန်၌ တရုတ်၏  ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်စစ်တပ်ကမူ ထိုင်ဝမ်အနီးတွင် စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်း မရှိသေး ဘဲ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေသည်ဟုလည်း အတည်ပြုခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာမှုသည် နောက်တက်လာမည့် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏  အစိုးရအဖွဲ့အတွက် နိုင်ငံရေးမက်ဆေ့ချ်ပေးပို့သည့် သဘောဖြစ်ကြောင်း ထိုင်ဝမ်ထိပ်သီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te') ၏ ပစိဖိတ်ခရိးစဉ်အတွင်း အမေရိကန်၏ ဟာဝိုင်ယီနှင့် ဂူအမ်ကျွန်းများသို့ ဝင်ရောက်မှုများအပေါ် ဒေါသထွက် ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နဲ့ထိုင်ဝမ်စစ်ရေးကို ဖော်ပြထားစဉ်

တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖန်းလျန် (Zhu Fenglian) ကမူ တရုတ်အာဏာပိုင်များ သည် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်နေသည့် ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုများ၏ အလားအလာကို သတိထား စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

"အဖြစ်အပျက်တွေကို လျစ်လျှူရှုသွားမှာ မဟုတ်ပါဘူး။ ကျမတို့ဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေး၊ ထိုင်ဝမ်ရေလက်ကြားက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ကာကွယ်သွားဖို့ လိုအပ်တာမှန်သမျှ လုပ်ဆောင်နေပါတယ်”ဟု ကျူးက ပြောကြားခဲ့သည်။

လိုင်နှင့် ၎င်း၏အစိုးရအဖွဲ့ကမူ တရုတ်၏ အချုပ်အခြာအာဏာပိုင်ကြောင်း ကြေညာချက်များကို ငြင်းပယ်ထားပြီး ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်ကလည်း ထိုင်ဝမ်ကျွန်းအနီးတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၅၃ စင်းနှင့် ရေတပ်သင်္ဘော ၁၁ စင်းတို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: ရိုက်တာ