CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂ 

ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အခြေခံ၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNF C)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့က ပူးတွဲ၍ ထုတ်ပြန် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့က ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တော်လှန်ရေး (၇၅)နှစ်ပြည့်မြောက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အခြေခံသော ခိုင်မာကျယ်ပြန့်အားကောင်းသည့် နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ် အမြန်ဆုံးရရှိရေးအတွက် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု PNFC နှင့် PNLO ၏ ပူးတွဲထုတ်ပြန်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးမူကို အခြေခံ၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ၎င်းပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။

PNFC နှင့် PNLO သည် မိမိနှင့် မိမိတို့ ပအိုဝ်းပြည်သူ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများကို ကာကွယ်ရန် လိုအပ်ချက်မှတပါး ပအိုဝ်းအမျိုးသား အချင်းချင်းကြားတွင်ဖြစ်စေ၊ တိုင်းရင်းသား အချင်းချင်းကြား တွင်ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခကို အတတ်နိုင်ဆုံး ရှောင်ရှား၍ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာရေးကို အတတ်နိုင်ဆုံး လက်ကိုင်ကျင့်သုံးသည်ဟူသည့် မူကို ချမှတ်ကျင့်သုံးလျက်ရှိကြောင်း ပြောသည်။

ဗိုလ်မှူးကြီးခွန်သူရိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

PNLO/PNLA၊ PNFC၊ PNO/PNA စသည့် ပအိုဝ်း လက်နက်ကိုင်များသည် ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများနှင့် တခြားသော ဒေသများကို စုစည်း၍ ပအိုဝ်းပြည်နယ် သတ်မှတ်ပေးရန် တောင်းဆို လျက်ရှိသည်။

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း ပြည်နယ်သစ်များ ပေါ်ထွန်းရေး ကိစ္စများကို ဆွေးနွေးထားကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးပေ။

လက်ရှိမှာတော့ PNLO၊ PNFC ကတစ်ဖက် မြန်မာ့တပ်မတော်နှင့် PNO/PNA ကတစ်ဖက် ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

တခြားတစ်ဖက်မှာတော့ PNLO တွင် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် အုပ်စုနှင့် ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သော အုပ်စုဟူ၍ ကွဲနေကြောင်း၊ ထို့နောက် ဗိုလ်မှူးကြီးခွန်ဥက္ကာက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသော PNLO-NCA/S အဖြစ် ရပ်တည်လျက်ရှိပြီး ဗိုလ်မှူးကြီး ခွန်သူရိန် အုပ်စုကတော့ နွေဦးတော်လှန်ရေးဘက်က ရပ်တည်ကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။