CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၂

နစက ဥက္ကဋ္ဌ ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အနေဖြင့် အနာဂတ်တွင် ပြည်နယ်သစ် ပေါ်ထွန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စကို တင်ပြ ဆွေးနွေးသွား မည်ဟု PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် PNLO အနေဖြင့် အချက် (၃) ချက်ကို တင်ပြသွားမည်ကြောင်း၊ နံပါတ်တစ် လက်ရှိ ပအိုဝ်းဒေသတွင်းရှိ တိုက်ပွဲရှောင် အခြေအနေများ၊ နံပါတ်နှစ် လက်ရှိ ပြည်တွင်း ပဋိက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး၊ နံပါတ်သုံး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး စသည်တို့ကို တင်ပြ ဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နောက်အနာဂတ်နဲ့ ပတ်သက်တာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်သွားမယ့် ကိစ္စတွေ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ပြည်နယ်တွေ ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ ပြည်နယ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ထားရမယ့် ကိစ္စတွေ၊ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လို စတင် ပြင် ဆင်မလဲ၊ ဘယ်လောက်အထိ သုံးမလဲဆိုတဲ့ ကိစ္စတွေ၊ နောက်ဆုံးကတော့ ပြည်နယ်သစ်တွေ ပေါ်ထွန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရေးပေါ့ဗျာ၊ အဲဒါကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေပေါ့၊ ဒါတွေ ဆွေးနွေးဖို့ ဖြစ်ပါလိမ့်မယ်၊ တစ်ပြည်လုံး ကိစ္စပါမယ်၊ အနာဂတ် ဖက်ဒရယ်ကိစ္စ ပါမယ်၊ လက်ရှိ အခြေအနေပါမယ်၊ ကျနော် ထင်တာ အဲဒီ (၃) ခု သူတို့ ပြင်ဆင်နေတယ်လို့ ကြားပါတယ်၊ သူတို့ ခေါ်တဲ့ ရက်တွေက မသိသေးတော့ အချိန်နည်းနည်း ယူနေကြတာပေါ့ဗျာ” ဟု ပြောသည်။

လာမည့် ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲသည့် အချိန်တွင် ပြည်နယ်သစ် ပေါ်ထွန်းရေးကို ထည့်သွင်း ပြဋ္ဌာန်းချက် ပါဝင်ပါက ပို၍ ကောင်းကြောင်း၊ ချက်ချင်း ပြည်နယ်သစ် ဖွဲ့စည်းရန် မဟုတ်ကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်း၊ ပလောင်၊ ‘ဝ’ စသည့် တိုင်းရင်းသားများမှ ပြည်နယ် တောင်းဆိုမှုများရှိသလို ကချင်ပြည် နယ်အတွင်းရှိ ရှမ်းနီတိုင်းရင်းသားများက ပြည်နယ်ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။

တိုင်းရင်းသား လူမျိုးပေါင်းစုံ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် မှန်းဆထားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းက “ အဲဒါကတော့ မှန်းတော့ မှန်းထားလိမ့်မယ် ထင်တယ်၊ အဓိက ကျမထင်တာက ထိပ်ပိုင်း ခေါင်းဆောင်တွေ လာလို့ရှိရင် ဆွေးနွေးပွဲက တစ်မျိုး၊ ထိပ်ပိုင်းခေါင်းဆောင် မဟုတ်ဘဲ အလတ်ပိုင်း ခေါင်းဆောင်တွေ ရောက်လို့ရှိရင် တစ်မျိုး အဲလိုမျိုး ဖြစ်မယ်ဆိုတော့ ဆွေးနွေးပွဲရဲ့ အပေါ်မှာဘဲ အများကြီး မူတည်ပါလိမ့်မယ်၊ ကျမတို့က ဘာမှတော့ မပြောနိုင်သေးဘူးပေါ့၊ အခုလောလောဆယ်မှာလေ ” ဟု ပြောသည်။

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင် အမျိုး သား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တက်ရောက်ကြမည် ဖြစ်သည်။

သို့သော် NCA ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်မတော်(ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကတော့ တက်ရောက်မည် မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ထား သည်။

အလားတူ NCA မထိုးထားသည့် လက်နက်ကိုင်များထဲကတော့ UWSA၊ NDAA၊ SSPP/SSA တို့ တက်ရောက်မည်ဖြစ်ပြီး KIA၊ AA၊ TNLA၊ MNDAA၊ KNPP တို့ မတက်ရောက်ကြောင်း သိရသည်။