CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁

ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ အင်အားစု တချို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသော အဖွဲ့အနေဖြင့် PNLO-NCA/S ဆိုကာ ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

PNLO သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တခြားသော တိုင်းရင်းသား လက်နက် ကိုင် ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအ လဲနှင့်အတူ PNLO သည် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် အဖွဲ့နှင့် ဗိုလ်မှူးကြီးခွန်သူရိန်(လက်ရှိ ဥက္ကဌ)ဦး ဆောင်သော အဖွဲ့ဆိုကာ ၂ ဖွဲ့ကွဲသွားသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ထိုသို့ PNLO ၂ ဖွဲ့ကွဲသွားစဉ် ခွန်သူရိန် ဦးဆောင်သည့်အဖွဲ့က မြန်မာ့တပ်မတော်ကို တိုက်ခိုက်မည့် နွေဦးတော် လှန်ရေး အင်အားစုများအဖြစ် ရပ်တည်မည်ဖြစ်ကာ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သောအဖွဲ့က NCA လမ်းစဉ် အပေါ် ဆက်လက်ရပ်တည်မည် ဖြစ်သည်။

ပအိုဝ်းအမျိုးသားတို့၏ အေးချမ်းသာယာဖွံ့ဖြိုးမှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုတို့ကို ရှေ့ရှုလျက် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ဦးဆောင်နာယကသည် အရေးပေါ် အခြေအနေတွင် ဥက္ကဌအဖြစ် တာဝန်ယူလျက် PNLO-NCA/S ကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NCA လမ်းစဉ် နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

ထို့နောက် လတ်တလောအခြေအနေအရ PNLO-NCA/S တွင် ဦးဆောင်အဖွဲ့မှာ ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခွန်မင်းသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နန်းယဉ်ယဉ်စိုးတို့က အသီးသီး တာဝန်ယူကြမည်ဖြစ်သည်။