CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၉

နိုင်ငံရေးပြဿနာကို ဖြေရှင်းရေးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နည်းလမ်းက အကောင်းဆုံးဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်း၍ မရကြောင်း၊ ထို့ကြောင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် ဂျပန်၊ အာဆီယံတို့က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုဖြင့်သွားရန် တိုက်တွန်းကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်အကြံပြုတာတော့ ကျနော်တို့ NCA ပါ ပြဋ္ဌာန်းချက်အတိုင်းပဲ ကျနော် အကြုံပြု ချင်တယ်။ နိုင်ငံရေးပြဿနာတွေ ဖြစ်ကြတဲ့အတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့လိုတယ်။ လက်နက်ကိုင်ပြီး တော့ အကြမ်းဖက် ဘယ်ဘက်ကပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းလို့ မပြေလည်နိုင်ဘူးဆိုတာတော့ ကျနော်တို့ လက်ခံတယ်၊ ဒါကြောင့် နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းရေး အဲဒါ ကို ကြိုးပမ်းဖို့ လိုတာပေါ့ဗျာ၊ အဲဒါကို အဖွဲ့တိုင်းက သဘောပေါက်ရင်တော့ ပဋိပက္ခတွေ လက်ရှိ ဖြစ်နေတဲ့ဟာ တွေ လျော့ကျသွားအောင်ပေါ့၊ လျော့ကျသွားပြီးတော့ နောက်ပြီးတော့ ဆွေးနွေးပွဲ လမ်းကြောင်းကို ပြန်ရောက်မှာ ပေါ့၊ အခုကတော့ တချို့ကတော့ အစွန်းရောက်တာတွေ ရှိတာပေါ့ဗျာ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ပဲ ရှင်းမယ်စသဖြင့် ပေါ့၊ ဒါပေမဲ့ လက်တွေ့မှာတော့ နိုင်ငံတကာ အခြေအနေရော အာဆီယံအတွင်း အခြေအနေအရရော လက်တွေ့ မှာတော့ လက်နက်ကိုင်နဲ့ ရှင်းမယ်ဆိုတာတော့ မဖြစ်နိုင်သေးဘူးဆိုတာတော့ အားလုံးသိပါတယ်။ ဒါကြောင့် တရုတ်ရော၊ ဂျပန်ရော၊ အိန္ဒိယရော၊ ထိုင်းရော ရှိသမျှ အိမ်နီးနားချင်းတွေက ဆွေးနွေးရေး လမ်းကြောင်းကိုပဲ သွာကြပါဆိုပြီးတော့ မေတ္တာရပ်ခံတာ ဖြစ်တာပေါ့၊ ဒါကြောင့် အဲဒီနည်းလမ်း၊ NCA နည်းလမ်းပြဋ္ဌာန်းချက် နည်းလမ်းပဲ အကောင်းဆုံးလို့ ကျနော်တင်ပြချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာ၍  အာဏာရယူခဲ့ပြီးနောက်ပိုင်း NCA စာချုပ်မှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

တရုတ်အထူးကိုယ်စားလှယ်ကိုတွေ့ရစဉ်

NCA ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လက်မှတ်ရေးထိုးထားသည်။ 

ထို့နောက် NCA စာချုပ် လက်မှတ်ရေးထိုးထားသော KNU၊ CNF နှင့် ABSDF တို့မှာ ပါဝင်မှုအဆင့်ကို လျှော့ချ ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တက်ရောက်ခြင်း မရှိတော့ပေ။

လက်ရှိကာလမှာ စစ်ဘောင်ကျယ်နေသည့်အတွက် ကောင်းသည့်လက္ခဏာ မဟုတ်ကြောင်း၊ စစ်ရေးနည်းလမ်း ဖြင့် ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အကြံပြုလိုကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ (NUP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “တတ်နိုင်သမျှ ဒီနေ့ကာလက စစ်ရေးဘောင်ကျယ် နေတယ်ပေါ့ဗျာ၊ စစ်ဘောင်ကျယ်တာ မကောင်းဘူး လေ၊ ကမ္ဘာကြီးမှာလည်း မကောင်းဘူး။ ဘယ်နိုင်ငံ တစ်ခုချင်းစီမှာဘဲဖြစ်ဖြစ် အဲဒါတွေက။ တခြားနိုင်ငံတွေက အဲဒီ အခက်အခဲတွေကနေ ရအောင်ကျော်ဖြတ်ပြီးတော့ ညှိနှိုင်းပြီးတော့ အောင်မြင်သွားကြတာပဲ။ အဲဒီတော့ ဒီလို ဆွေးနွေးညှိနှိုင်းခြင်းဟာ အင်မတန်ကောင်းတယ်လို့ ကျနော်တို့က မြင်တယ်။ ကျနော်တို့လည်း မြင်တာတော့ တစ် ကမ္ဘာလုံး မီဒီယာတွေလည်း တင်နေကြတာပဲ၊ တိုင်းပြည်ရဲ့ အနေအထားက အားလုံးသိတဲ့အတိုင်းပေါ့ တော်တော် လေး မကောင်းဘူးပေါ့၊ အဲဒီလို မကောင်းတဲ့ဟာမှာ စစ်ရေးနဲ့ ဖြေရှင်းတာထက်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာတွေ ဖြေရှင်းသွား အဲဒါလေး ကျနော်တို့ အကြံပြုချင်တာပေါ့” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပြီး တိုင်းပြည် ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများမှာ အဖက်ဖက်က ယိုယွင်းကျဆင်း လျက်ရှိနေ သည်။

ထို့အတူ ပြည်သူလူထုများမှာလည်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှု၊ နယ်မြေ မလုံခြုံမှုများဖြင့် နေ့စဉ်ရင်ဆိုင် ကြုံတွေ့နေကြရသည်။