CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀

လက်ရှိ နစကနှင့် ဆွေး‌နွေးနေသည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဦးဆောင်အဖွဲ့ (PPST)ကို ကိုယ်စားပြု၍ သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း PPST မှာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မ‌တော် အာဏာရယူပြီးနောက်ပိုင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ လုပ်ငန်စဉ်များလည်း မလုပ်ဆောင်နိုင်တော့ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်က “အခုလို သွားတာသည် NCA ကို ကျနော်တို့ အကောင်အထည်ဖော်တဲ့ ဆွေးနွေးပွဲ တွေ မဟုတ်ဘူး။ NCA မှာ ပါတဲ့ ယန္တရားအတိုင်း ကျနော်တို့ လုပ်ဆောင်တာလည်း မဟုတ်ဘူး။ ပြီးတော့ NCA ကနေ ပေါက်ဖွားလာတဲ့  PPST ခေါင်းစဉ်နဲ့ ကျနော်တို့ကို ဖိတ်ခေါ်တာတို့ သွားနိုင်တာတို့ တစ်ခါမှ မရှိဘူး။ ကျနော်တို့ အခေါ်အားဖြင့်ကတော့ NCA-S EAO ပေါ့ဗျာ၊ ၇ ဖွဲ့သွားတဲ့ အချိန်ကဆိုရင် NCA-S EAO ၇ ဖွဲ့နဲ့ NSPNC နဲ့ တွေ့ဆုံဆွေး‌နွေးပွဲ စသည်ဖြင့်ပေါ့လေ၊ အခုသွားတဲ့ ၅ ဖွဲ့ဆိုရင်လည်းပဲ ဒါ NCA-S EAO ၅ ဖွဲ့နဲ့ NSPNC နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျနော်တို့ အခေါ်အဝေါ်အရတော့ အဲဒီလိုမျိုး ကျနော်တို့ သွားတာဖြစ်တယ်၊ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ဆိုရင်တော့ အခုသွားနေတဲ့ ဆွေးနွေးပွဲ လုပ်ငန်းစဉ်များအားလုံးသည် NCA သဘောတူစာချုပ်အရ NCA ယန္တရားအတိုင်းသွားနေတဲ့ Process မဟုတ်ဘူးဆိုတာကိုတော့ ဒါအထင်အရှား ကျနော်တို့အတွက် ဖြစ်ပါတယ် ခင်ဗျ” ဟု‌ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ PPST ၏ အဖွဲ့ဝင် ၅ ဖွဲ့နှင့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

PPST အဖွဲ့၀င် ၇ ဖွဲ့ကိုယ်စားလှယ်များနဲ့ NSPNC ကိုယ်စားလှယ်များကိုတွေ့ရစဉ်

အဆိုပါ ဆွေးနွေးပွဲတွင် PPST အဖွဲ့ဝင် ၅ ဖွဲ့၏ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မိမိတို့သည် PPST မှာ ပါဝင်ခဲ့သည့် ၁၀ စလုံး၏ ယခင်က ချမှတ်ခဲ့သော သဘောထားများကို ရှေ့ ထွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

PPST ကို NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ဖြင့် ဖွဲ့စည်းထားသည်။

မြန်မာ့တပ်မ‌တော် အာဏာရယူပြီးနောက်ပိုင်း PPST မှ KNU၊ RCSS၊ ABSDF နှင့် CNF တို့မှာ မိမိတို့၏ ပါဝင်မှု အဆင့်ကို လျှော့ချထားခဲ့သည်။ ထိုနောက် ၂၀၂၂ ခုနှစ်၊ မေလအတွင်းကလည်း မွန်ပြည်သစ်ပါတီမှ မိမိတို့ ပါဝင်မှု အဆင့်ကို လျှော့ချရန် စာပို့ထားကြောင်း သိရသည်။

လက်ရှိတွင် NCA ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့သလို PPST ၏ စုဖွဲ့မှု အပေါ်တွင်လည်း အမြင်မတူခြင်းများ ရှိလာကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က NSPNC နဲ့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သော အပစ်ရပ် ၅ ဖွဲ့ကို တွေ့ရစဉ်

၎င်းက “PPST ရဲ့ စုဖွဲ့မှုထဲမှာ ၇ ဖွဲ့က‌တော့ ဆက်ပြီးတော့ တင်းပြည့်ကျပ်ပြည့်ပါမယ်၊ ကျန်တဲ့ ၃ ဖွဲ့ကတော့ တင်းပြည့် မဟုတ်တော့ဘဲနဲ့ ပူးပေါင်းအဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်ပြီး အခြေအနေအရ ကျ‌နော်တို့ သဘောတူ ညီခဲ့ကြတာ ရှိတယ်၊ ဆိုလိုချင်တာကတော့ ၂၀၂၂ ဧပြီလကနေစပြီးတော့ ကျနော်တို့ PPST ၁၀ ဖွဲ့စလုံးက ၁၀ ဖွဲ့ စလုံး အပြည့်အဝ မဟုတ်တော့ဘဲနဲ့ ပူးပေါင်းအဖွဲ့က ၃ ဖွဲ့ပေါ့လေ၊ KNU ရယ်၊ CNF ရယ်၊ RCSS ရယ် စသည်ဖြင့် ပေါ့လေ၊ အဲဒီလိုမျိုး ကျနော်တို့ စုဖွဲ့မှု အပြောင်းအလဲရှိလာတာ ဖြစ်ပါတယ်ခင်ဗျ” ဟု ပြောသည်။

လက်ရှိတွင်လည်း အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့သည် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည်။