CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀

မလေးရှားရှိ မြန်မာအပါအဝင် အခြားနိုင်ငံခြားသား Overstay သမားများအား တရားဝင်နေရပ်ပြန်ခွင့်မပြုသေး ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်မတိုင်ခင်ကာလများတွင် Overstay သမားများအား တရားဝင်နေရပ်ပြန်ခွင့်ပြုပေးထားသော်လည်း ကိုဗစ် ကာလမှစတင်ကာ လက်ရှိအချိန်အထိ တရားဝင်နေရပ်ပြန်ခွင့်ပိတ်ထားသဖြင့် အခက်အခဲဖြစ်နေကြကြောင်း မလေးရှားရှိ နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

“မြန်မာပြည်ပြန်ချင်တာ ပြန်လို့မရဘူး။ ကျန်းမာရေးလမ်းမလျှောက်နိုင်တဲ့သူ၊ ခါးကျိုးတဲ့သူ ပြန်ဖို့ရာ ပြန်လို့ မရဘူး။ သူတို့ immigration လ.ဝ.က ကိုယ်တိုင်က ပြန်ခွင့်တွေပိတ်ထားတယ်။ အဲဒါကြောင့် မြန်မာသံရုံးက တခါတလေတော့ လူနာတွေကိုတော့ သူတို့ကိုယ်တိုင်လိုက်လုပ်တယ်။ မြန်မာသံရုံးသွားတာတောင် သူတို့တွေက အစစ်အဆေးတွေ အရမ်းများတယ်လို့ သတင်းကြားတယ်။ အဲဒီအတွက်ကြောင့် တော်တော်လေးခက်နေတယ်။ လူနာတွေကျနော်တို့ ကိုင်ထားတာတောင် ၄၊ ၅ ယောက်ရှိနေတယ်။ ကိုယ်ဝန်သည်တွေ။ တချို့က ဒီမှာ မမွေးချင် ကြဘူး။ ပြန်ဖို့ခက်တယ်။ ပြန်ဖို့ကို လုံးဝမရတာ။ လူနာတွေ ပြန်ချင်လည်းပြန်လို့မရဘူး။ ပိုက်ဆံပေးမယ်ဆိုတာ တောင် မရဘူး။ ဘာမှလုပ်တာတော့မတွေ့သေးဘူး အခုထက်ထိတော့(သံရုံးအနေနဲ့)။ ဘာမှလုပ်ပေးတာ မတွေ့ ဘူး။ သူတို့လည်း တိုက်တွန်းတာတော့ မတွေ့ဘူး။ သူတို့က ပြန်ခွင့်က မြန်မာတစ်ခုတည်းမဟုတ်ဘူး။ နိုင်ငံတကာ ကို ပိတ်ထားတာ” ဟု ၎င်းက ပြောသည်။

ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်ပို့ခံရသူများကို တွေ့ရစဉ်

မလေးရှားနိုင်ငံတွင် ကျန်းမာရေးကုသမှုခံယူမည်ဆိုပါက ငွေကြေးကုန်ကျမှုများပြားသည့်အတွက် မြန်မာနိုင်ငံ သားများအနေဖြင့် နေရပ်ပြန်၍ ကျန်းမာရေးကုသမှု ခံယူချင်ကြသောကြောင့် မလေးရှားအစိုးရမှ Overstay သမား များအား တရားဝင်နေရပ်ပြန်ခွင့်ပြုရန် မျှော်လင့်နေကြခြင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်အထိ တရားဝင်နေရပ်ပြန်ခွင့်မပြုသေးသောကြောင့် မြန်မာ Overstay သမား အများစုသည် တရားမဝင်လမ်းကြောင်းများမှ နေရပ်ပြန်ခြင်း၊ အဖမ်းအဆီးခံကာ ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်ပို့ခံခြင်းများအား လုပ်ဆောင်ကြကြောင်း သိရသည်။

ထို့အပြင် တရားမဝင်လမ်းကြောင်းမှ နေရပ်ပြန်ရာတွင် ဖမ်းဆီးခံရမှုများလည်း ရှိကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို (CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က CNI သတင်းဌာနသို့ ပြောသည်။

နေရပ်ပြန်ပို့ရန် ခေါ်ဆောင်လာစဉ်

“အထူးသဖြင့် ကိုယ်ဝန်ဆောင်  အမျိုးသမီးတွေများတယ်။ ကိုယ်ဝန်ဆောင် ၃လ၊ ၄လ၊ ၅လဆိုရင် ပြန်ကြတယ်။ ပြီးရင် လမ်းတဝက်မှာဖမ်းမိတယ်။ ဆိုလိုတာက အထူးသဖြင့် မလေးနယ်စပ်မှာ ဖမ်းမိတာများတယ်။ နောက် တစ်ခုကတော့ ကျန်းမာရေးလုံးဝမကောင်းတဲ့သူတွေပေါ့ ဆရာဝန်ဆီက ထောက်ခံချက်ယူရတယ်။ နောက် သံရုံးကနေ စာရွက်စာတမ်းလုပ်ရတယ်။ ပြီးတော့ လ.ဝ.က ကိုတင်ရတယ်။ ဒါပေမယ့် ဈေးအရမ်းကြီးတယ်။ လူတစ်ယောက်ကို မလေးငွေ ခြောက်ထောင်၊ ခုနှစ်ထောင်လောက်အထိ ကုန်ကျစရိတ်ရှိတယ် ဆိုပြီးတော့။ အများစုကတော့ ပြန်ချင်တဲ့သူကတော့ အောက်လမ်းက ပိုက်ဆံပေးပြီးပြန်တာ များပါတယ်။ ကုန်ကျစရိတ်က အလွန်တရာများတယ်။ မတန်တဆများတယ်။ ဘာလို့ဆို သူတို့က တစ်လလုံးလုပ်မှ တစ်ထောင့် လေး၊ ငါးရာ လောက်ပဲရတာ။ စားစရိတ် ဒီစရိတ်နဲ့ တစ်လကို လေး၊ ငါးရာရအောင် မနည်းစုရတာ။ ဒီကြားထဲ အိမ်လည်း ပို့ရတယ်ဆိုတော့ သူတို့ပြန်ရင် ခြောက်ထောင်၊ ခုနှစ်ထောင်ဆိုတော့ တစ်နှစ်စာလုံးလုပ်မှ လူတစ်ယောက် ပြန်နိုင်မယ်လို့ဖြစ်နေတယ်။ အဲဒီလောက်တော့ မယူသင့်ဘူး” ဟု ၎င်းက ပြောသည်။

ကျန်းမာရေးအခြေအနေဆိုးရွားသော်လည်း တရားဝင်နေရပ်ပြန်ခွင့်မရသောကြောင့် တရားမဝင်လမ်းကြောင်းမှ ပြန်မည်ဆိုပါက ငွေကြေးမတတ်နိုင်သူများလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် Overstay သမားများ တရားဝင်နေရပ်ပြန်ခွင့်ရရှိရေး မြန်မာသံရုံးအနေဖြင့် ညှိနှိုင်းဆောင်ရွက်သင့် ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြ ပြောဆို ကြသည်။