CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

လက်ရှိတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၌ Overstay(ကာလကြာရှည်နေထိုင်)များ ပိုမိုများပြားလာကာ အခက်အခဲ ဒုက္ခများ ကြုံတွေ့နေရကြောင်း မလေးရှားရောက် မြန်မာ အဖွဲ့အစည်းနှင့် Overstay ဖြစ်နေသူ မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

Overstay သမားဖြစ်သည့်အတွက် အလုပ်အကိုင် ရှားပါးခြင်းအပြင် သွားလာရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေး ကိစ္စများတို့တွင်ပါ အခက်အခဲရှိနေကြောင်း မလေးရှားရောက် မြန်မာအဖွဲ့အစည်းနှင့် Overstay ဖြစ်နေသူ မြန်မာ များက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားနိုင်ငံတွင် Overstay သမားအဖြစ် အလူမီနီယမ် စက်ရုံတွင်လုပ်ကိုင်ခဲ့သည့် ကိုနိုင်နိုင်က “စက်ရုံမှာ အလုပ်လုပ်ရင်းနဲ့ လက်တစ်ချို့ ကျနော် ထိခိုက်သွားပါတယ်။ အလုပ်လုပ်ရင်းနဲ့ လက်က ကျိုးသွားတာပါ။ အဲဒါကို အခု ဆေးကုသမှုခံယူနေရတာလည်း ဘာမှ အဆင်မပြေပါဘူး။ အခုကျနော်က ဆေးရုံဆေးခန်း သွားလာနေရတာ။ ကျနော့်မှာ ဘာအထောက်အထားမှ မရှိဘူးဖြစ်နေတဲ့အတွက်နဲ့ သက်ဆိုင်ရာတွေကိုလည်း စိုးရိမ်ရတယ်။ ဆေးရုံ၊ ဆေးခန်းမှာလည်း ကျနော်တို့ ယုံကြည်မှု မရှိလောက်အောင် ဆရာဝန်တွေ ဆရာမတွေလည်း မေးရတာ စမ်းရ တာတွေလည်း အဆင်မပြေဘူး။ သူဌေးကလည်း ကျနော်တို့ကို ဘာဆိုဘာမှ လုပ်လို့မပေးပါဘူး။ ဆေးရုံမှာ ဆေး ကုသ နေရတာလည်း အဆင်မပြေပါဘူး။ ကျနော်တို့မှာ ဘာ အထောက်အထားမှလည်း မရှိဘူးဖြစ်နေတဲ့ အတွက် နဲ့။ ကျနော်တို့ အိုသမားတွေ အကောင်း(ရခိုင်လို တော်တော် လို့ပြောခြင်းဖြစ်) အနှိမ်ခံရပါတယ်။ ပိုက်ဆံရတာ တွေက အစ။ နောက်ပြီး OT ပိတ်ရက်တွေ ဆင်းတာတွေဆိုရင်လည်း တစ်ရက်လုပ်ရင် နှစ်ရက်ရတာတွေလည်း အဖြတ်ခံရပါတယ်”ဟု ပြောသည်။

မလေးရှားနိုင်ငံမှ အလုပ်ရှင်များသည် Overstay သမားများအား အလုပ်ခန့်ပါက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွား သည့်အခါတွင် တာဝန်ယူရမည်ကို စိုးရိမ်သဖြင့် အလုပ်မခန့်ကြခြင်းမှာ များပြားကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR)မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်သည်။

မလေးရှားအာဏာပိုင်များက အလုပ်သမားများကို အထောက်အထားများ စစ်ဆေးနေစဉ်

ထို့အပြင် Overstay သမားများအနေဖြင့် အလုပ်လုပ်ကိုင်ပါကလည်း အဖမ်းအဆီး မခံရရန်အတွက် ရှောင်တိမ်းပြီး လုပ်ကိုင်နေကြရခြင်းဖြစ်ကာ အလုပ်ရှင်ဘက်မှလည်း တစ်စုံတစ်ရာ တာဝန်ယူပေးခြင်းမရှိကြောင်း ၎င်းက ဆက် လက် မိန့်ကြားသည်။

ဆရာတော် ဦးဥတ္တရက “အခက်အခဲတွေကတော့ ပေါင်းစုံပါပဲ။ ကျန်းမာရေးမကောင်း၊ အလုပ်ရှင်နဲ့ အလုပ်ကြား မှာ အဆင်မပြေ။ အလုပ်ရှင်ကနေပြီး လခ မရှင်းပေးဘူး။ အလုပ်ရှင်တွေကလည်း သိတဲ့အတိုင်းလေ အိုသမားတွေ ဒီကောင်တွေ အထောက်အထား မရှိတဲ့လူတွေဆိုပြီး သူတို့တွေ အနှိမ်ခံရတာတွေ ရှိတယ်။ ဦးဇင်းတို့ အဲဒါတွေ လိုက်ရှင်းပေးရတယ်။ လခတွေ မရှင်းပေးဘူး။ ခိုင်းတဲ့ဟာကျတော့ ခိုင်းတယ်။ လကုန်ရင် သူတို့က မရှင်းပေးလိုက် ဘူး။ တချို့ပွဲစားတွေကလည်း လိမ်တယ်၊ အလုပ်ထည့်ပေးတယ်။ အလုပ်ထည့်ပေးပြီး အလုပ်ရှင်က ပိုက်ဆံပေး တယ်။ အထောက်အထားမရှိတဲ့ ကိုယ့်လူတွေကို အချင်းချင်းထပ်ပြီး မြန်မာပွဲစားတွေက ငွေမပေးဘူး။ လခမရှင်း ပေးဘူး။ ကျန်းမာရေး တစ်စုံတစ်ခုဖြစ်လာရင် ဆေးရုံတွေမှာလည်း အထောက်အထားမရှိရင် သိပ်ပြီးတော့ လက်မခံဘူး”ဟု မိန့်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကြောင့် မလေးရှားနိုင်ငံသို့ ဒုက္ခသည်အဖြစ် ဝင်ရောက်လာသူ မြန်မာနိုင်ငံ သား အများအပြား ရှိသကဲ့သို့ သက်တမ်း ကုန်ဆုံးသွားသည့် မြန်မာများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်သို့မပြန်ဘဲ Overstay သမားအဖြစ်ခံ၍ နေထိုင်နေကြကြောင်း မလေးရှားနိုင်ငံတွင် Overstay သမားအဖြစ် အလူမီနီယမ် စက်ရုံတွင်လုပ်ကိုင်ခဲ့သည့် ကိုနိုင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားက လုပ်ငန်းခွင်တစ်ခုကို ၀င်ရန်စောင့်နေကြ

၎င်းက “ကျနော်တို့ဆီကို ကျနော်တို့ ပြန်သွားရင်လည်း အလုပ်ကလည်း မရှိတာတစ်ဖက်။ ပြီးတော့ နိုင်ငံရဲ့ အခြေ အနေကလည်း ပြောရမယ်ဆိုရင် ကိုယ့်အသက်ကိုယ်တောင် မလုံခြုံတဲ့အခါမှာ ဒီမှာပဲ ကျနော်တို့ နေပြီး ဒီမှာပဲ ပိုက်ဆံရှာပြီး မိသားစုကို ထောက်ပံ့နေရပါတယ်။ ကျနော်တို့ အိုသမားဖြစ်နေတော့ အလုပ်ရှာရတာ နည်းနည်း ခက်ခဲတယ်။ တချို့သူဌေးတွေဆိုရင် အထောက်အထားလည်း သူတို့မပြနိုင်ရင် အလုပ်မခေါ်ရဲ သူတို့ အလုပ်မခေါ် ပေးပါဘူး။ နောက်ပြီး ကျနော်တို့ ဒီမှာ အလုပ်ရှာရတာလည်း နည်းနည်းခက်ခဲသလို တစ်ခုခု အထောက်အထားမှ မရှိရင် အခက်အခဲ အများကြီးရှိပါတယ်” ဟု ပြောသည်။

ထို Overstay သမားများသည် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများထံသို့ သွားရောက်ကာ ဒုက္ခသည် အဖြစ် ခံယူပြီး UNHCR ထံမှ ဒုက္ခသည်ကတ်များ လျှောက်ကြသော်လည်း ကတ်ရရှိရန် အချိန်ကာလအားဖြင့် ကြာမြင့်သည့်အတွက် ထိုကာလများတွင် ရဲအဖမ်းအဆီးများအား ရှောင်တိမ်းကာ နေထိုင်နေကြရကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ရောက်ရှိနေသည့် Overstay သမား လေးသိန်း(၄၀၀၀၀၀) ဝန်းကျင်ခန့် ရှိနိုင် ကြောင်း၊ UNHCR ကတ် လျှောက်ထားစဉ် ကာလများတွင် ၎င်းတို့အား ကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အထောက်အပံ့ မရရှိသည့်အတွက် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများမှ တတ်အားသရွေ့ ကူညီ ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။