CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် ဆိုင်များအပါအဝင် ဈေးသည်များသည် မလေးရှား နိုင်ငံသားများ၏ စောင့်ကြည့်ခြင်းကို ခံနေရကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် လက်ရှိ မလေးရှားနိုင်ငံ၌ နေရာတိုင်းနီးပါးတွင် အဖမ်းအဆီးများပြားနေကြောင်းလည်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

“လက်ရှိက မြန်မာတွေ၊ ဘင်္ဂလားတွေ၊ ဆိုင်‌တွေနဲ့ ကားတွေနဲ့ သွားလာနေတော့ ဒီနိုင်ငံမှာနည်းနည်းလူတွေက လည်း ကြပ်နေတော့ မြင်လာတယ်။ ပြီးသွားရင် သူတို့နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘဲနဲ့ ဈေးရောင်း တာတွေလည်း ရှိလာတော့ ကိုယ့်နိုင်ငံသားတွေကလည်း များလာတဲ့အတွက် အဖမ်းအဆီးက နေရာတိုင်းမှာ တော်တော်လေးကို စိပ်နေတယ်။ ပြီးသွားရင် မြန်မာနိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ဆိုင်တွေ၊ KTV တွေ၊ ကာရာအိုကေအခန်းတွေ အဲဒါတွေကိုလည်း ဒီနိုင်ငံသားတွေက စောင့်ကြည့်ပြီးတော့မှ complain တက်၊ complain တက်တော့ သူတို့နိုင်ငံက လ.ဝ.က တွေ အကုန်ပေါင်းပြီးတော့ အော်ပရာစီတွေ စနေတာ ကျနော်တို့ လက်ရှိမြင်နေရတယ်။ လမ်းဘေးပလက်ဖောင်းပေါ်မှာ ဒီနိုင်ငံမှာက မရှိဘူးလေ။ အဲဒီလိုမျိုး ရောင်းတာချတာ။ ကိုယ့်နိုင်ငံသားတွေအတွက် သတိပေးချင်တာက မရောင်းနဲ့မပြောဘူး။ ရောင်းလို့ချလို့ရတယ်။ သူတို့နိုင်ငံရဲ့ ကိုက်ညီတဲ့ စည်းမျဉ်းဥပဒေတွေနဲ့ လိုင်စင်လေးနဲ့ သတ်မှတ်ထားတဲ့ ဧရိယာလေးမှာ ရောင်းရင်တော့ အဆင်ပြေ ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ စောင့်ကြည့်ခံနေရသည့်အထဲတွင် မြန်မာနိုင်ငံသားများအပြင် ဘင်္လားဒေ့ရှ်နှင့် နီပေါနိုင်ငံသားများ လည်း ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် လမ်း‌ဘေးတွင် ကွမ်းတံတွေးထွေးခြင်း၊ မူးယစ်ကာ အဖွဲ့လိုက်လျှောက်သွားခြင်း၊ လမ်းဘေးပလက်ဖောင်းတွင် ဈေးဗန်းများ ချရောင်းခြင်းတို့ကြောင့် ပိုမို စောင့်ကြည့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လမ်းပေါ်ရှိကားများကို သက်ဆိုင်ရာများက စစ်ဆေးနေစဉ်

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လမ်းဘေးပလက်ဖောင်းပေါ်တွင် ဈေးရောင်းချနေသည့် မြန်မာများကို မလေးရှားနိုင်ငံသားမှ ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ်တွင် ပြန်လည်မျှဝေခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ထို့အပြင် လက်ရှိတွင် ၎င်းတို့နိုင်ငံသားများ အမည်ခံ၍ ဖွင့်လှစ်ထားသော ဆိုင်များကိုလည်း အရေးယူရန် ရှိကြောင်းလည်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ပြောထားတာရှိပါတယ်။ ဒီ bar တွေရယ်လို့မဟုတ်ဘူး။ ကုန်စုံဆိုင်တို့ဘာတို့ အကုန်ပေါ့နော်။ နိုင်ငံခြားမှာလာပြီးတော့ ဒီနိုင်ငံက တရားမဝင် ဆိုင်ဖွင့်တာတို့ ဘာတို့ သူတို့ လက်မခံတော့ ပါဘူး။ တကယ့်စီးပွားရေးသမားတွေ သူတို့နာမည်နဲ့ သူတို့ဖွင့်ထားတဲ့ဆိုင်တွေဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ဒီ နိုင်ငံသားနာမည်တွေနဲ့ အသုံးချပြီးတော့ ဖွင့်ထားတဲ့ဆိုင်တွေဆိုရင်တော့ သူတို့ action ယူဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တရားမဝင်ပဲလေ။ တရားမဝင်ဆိုတဲ့ နာမည်ကြီးနဲ့ဆိုတော့ သူတို့အချိန်မရွေး အရေးယူလို့ ရနေတာပဲ။ အဖမ်းအဆီးက နေ့တိုင်းလိုပဲ ရှိပါတယ်။ နေ့တိုင်းလိုပဲ နေရာစုံမှာကို ရှိနေပါတယ်။ ပုံစံ အမျိုးမျိုးနဲ့ကို ဖမ်းတယ်၊ အိမ်မှာဖမ်းသလို အလုပ်ထဲမှာလည်းဖမ်းတယ်။ လမ်းသွားလမ်းလာတွေလည်း အကုန် ဖမ်းနေတာပါပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း မလေးရှားသည် စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်နေရသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ အပါအဝင် အလုပ်အကိုင်များမှာလည်း ရှားပါးနေသည့်အတွက် မြန်မာနိုင်ငံသားများ ဒုက္ခရောက်နေကြပြီး ဒေဝါလီခံသွားရသည့်စက်ရုံများ၊ ပိတ်သွားရသည့် စက်ရုံများလည်း ရှိကြောင်း သိရသည်။