CNI International News

ဖနွမ်းပင်၊ ဇွန်လ ၃၀

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen)သည် Facebook တွင် နိုင်ငံရေးပြိုင်ဘက်များကို အကြမ်းဖက် ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ထို့နောက် သူ၏ Facebook နှင့် Instagram အကောင့်များကို ခြောက်လချက်ချင်း ရပ်ဆိုင်းရန်အတွက် ကုမ္ပဏီ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့မှ ထောက်ပြမှုကို ဖြစ်စေသည်ဟု Al Jazeera သတင်းတွင် ဖော်ပြသည်။ 

Meta Platforms Inc မှ ကျွမ်းကျင်သူ ဘုတ်အဖွဲ့တစ်ခုက ကုမ္ပဏီ၏ content ပိုင်းဆိုင်ရာ စောင့်ကြည့်လေ့လာ သူများသည် နိုင်ငံရေး အတိုက်အခံများကို ခြိမ်းခြောက်ထားသော ဟွန်ဆန်၏ livestream မိန့်ခွန်းပြောဆိုမှု တစ်ခု ကို သူ၏ facebook page တွင် ဆက်ထားရန် ခွင့်ပြုပေးထားခြင်းဖြင့် အမှားကျူးလွန်ခဲ့သည်ဟု ဇွန်လ ၂၉ ရက် တွင် ကြေညာခဲ့သည်။ 

သတင်းဖြစ်လောက်သော ဟွန်ဆန်၏ ခြိမ်းခြောက်စကားများသည် Facebook တွင် ဆက်ရှိနေသင့်သည့် အကြောင်းပြချက်မဟုတ်ကြောင်း ဘုတ်အဖွဲ့ကပြောသည်။

ကုမ္ပဏီသည် ထိုမိန့်ခွန်းကို အွန်လိုင်းတွင် ဆက်ရှိနေစေခြင်းဖြင့် ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲမတိုင်ခင် ဟွန်ဆန် ၏ အကြမ်းဖက်ခြိမ်းခြောက်မှုများကို ပို၍ အသံကျယ်စေခဲ့သည်ဟု ဘုတ်အဖွဲ့က ပြောသည်။ 

ဟွန်ဆန်သည် သူ၏ ခြိမ်းခြောက်မှုများကို ပို၍ ကျယ်လောင်စေရန် လူမှုကွန်ယက်ကို အသုံးချခဲ့ကြောင်း၊ ၎င်းအနေဖြင့် Meta ကုမ္ပဏီ၏ ပလက်ဖောင်းများကို အသုံးမပြုခဲ့ဘူးဆိုင်လျှင် ယခုကဲ့သို့ ကျယ်လောင်မှုနှင့် ထိခိုက်နစ်နာမှု ရှိလာနိုင်မည် မဟုတ်ကြောင်းလည်း ဘုတ်အဖွဲ့က ထုတ်ပြန်သည့် ၂၆ မျက်နှာပါ ကြေညာချက် တွင် ဖော်ပြထားသည်။

ဟွန်ဆန် ဖေ့စ်ဘွတ်ခ်ကို ကြည့်ရှုနေစဉ်

ကမ္ဘောဒီးယား ခေါင်းဆောင်၏ အမူအကျင့်များသည် သတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်မှု ဖြစ်သည် ဟုလည်း သတ်မှတ်သည်။ 

ဟွန်ဆန်၏ ခြိမ်းခြောက်မှု၊ ယင်း၏ သမိုင်းအစဉ်အလာ၊ အစိုးရ၏ လူ့အခွင့်အရေး မှတ်တမ်းတို့အပြင် လာမည့် ရွေးကောက်ပွဲ စသည့် အကြောင်းအရာများကို စုပေါင်းမှု ရလဒ်အရ ၎င်းနှင့်ပတ်သက်သည့် အရေးယူမှုကို လျင်လျင်မြန်မြန် ချမှတ်ရမည်ဟုလည်း ဘုတ်အဖွဲ့က ပြောသည်။ 

ဘုတ်အဖွဲ့၏ တင်ပြချက်ကို Meta ဘက်က သဘောတူကာ ဟွန်ဆန်၏ မူရင်းဗွီဒီယိုဖိုင်များ၊ live မိန့်ခွန်းများကို ဖြုတ်ချသွားမည်ဟု Reuters သတင်းတွင် ဖော်ပြသည်။ 

ဝန်ကြီးချုပ်၏ Facebook နှင့် Instagram အကောင့်များကို ပိတ်သိမ်းရေး ဘုတ်အဖွဲ့၏ တင်ပြချက်အား  လက်ခံသင့် မသင့်ကို ကုမ္ပဏီဘက်က ဆုံးဖြတ်ရန် ရက် ၆၀ အချိန်ရသည်။ 

ဇန်နဝါရီလတွင် လွှင့်ခဲ့သည့် အငြင်းပွားဖွယ် live မိန့်ခွန်း၌ ဟွန်ဆန်က ပြီးခဲ့သည့်နှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲ များမှာ ၎င်း၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ (Cambodian People’s Party) အား မဲခိုးသည်ဟု စွပ်စွဲခဲ့သူများအား ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။

ဝေဖန်သူများအနေဖြင့် တရားရင်ဆိုင်မည်လား သို့မဟုတ် အရိုက်ခံမည်လား ရွေးဟုလည်း ဟွန်ဆန်က ပြော သည်။ 

ထရမ့်ကိုတွေ့ရစဉ်

ထိုဗွီဒီယိုတစ်ခုသည် ကြည့်ရှုမှုပေါင်း ၆၀၀,၀၀၀ ရှိခဲ့သည်ဟု Meta ၏ အချက်အလက်များတွင် ဖော်ပြသည်။

ဘုတ်အဖွဲ့၏ အဆိုပြုချက်အတိုင်း ပိတ်သိမ်းမှုကို ပြုလုပ်ခဲ့မည်ဆိုလျှင် ဟွန်ဆန်သည် အကြမ်းဖက်မှုများကို ပျံ့နှံ့စေခြင်းဖြင့် အကောင့်ပိတ်ခံရသည့် ကမ္ဘာ့ခေါင်းဆောင် အနည်းငယ်မှ တစ်ဦး ဖြစ်လာနိုင်ဖွယ် ရှိသည်။

ယင်းမတိုင်ခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၂၁ ခုနှစ်တွင် Facebook နှင့် Instagram အကောင့်များ နှစ်နှစ် ပိတ်ခံခဲ့ရဖူးသည်။ 

Facebook သည် ကမ္ဘောဒီးယားနှင့် အရှေ့တောင်အာရှတွင် အထင်ရှားဆုံး လူမှုကွန်ယက်များမှ တစ်ခုဖြစ်ကာ နိုင်ငံရေးဆိုင်ရာ သတင်းစကားပါးရန်အတွက် ဟွန်ဆန်သည် ယင်းကို အသုံးချသည်။

ဟွန်ဆန်သည် Facebook တွင် follower ၁၄ သန်းကို ပိုင်ဆိုင်ထားသလို ထို follower များ မည်သို့ရရှိထားသည် လည်းနှင့် ပတ်သက်၍လည်း မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။ 

Source: Aljazeera