CNI International Article

၂၀၂၃ ခုနှစ်၊ မေလ ၂၈

ဇူလိုင်လတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပင်မအတိုက်အခံ ပါတီ အား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက အတည်ပြုလိုက်ပြီ ဖြစ်သည်။

ရွေးကောက်ပွဲ ဝင်ရောက်ရန် လိုအပ်သော စာရွက်စာတမ်းများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က ချမှတ် ထားသော အမိန့်ကို ဖွဲ့စည်းပုံကောင်စီက ပြင်ဆင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အတိုက်အခံ Candlelight ပါတီသည် လာမည့် ရွေးကောက်ပွဲများတွင် လက်ရှိအာဏာရ Cambodian People’s Party အား ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသော ပါတီဖြစ်သည်။

သို့သော် ပါတီ၏ အယူခံသည် ဥပဒေနှင့်မညီခြင်းကြောင့် ယင်း၏ စောဒကတက်မှုကို ပယ်ချလိုက်သည်ဟု ကောင်စီက ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် ဖော်ပြသည်။

ထိုဆုံးဖြတ်ချက် အတည်ဖြစ်ပါက အယူခံဝင်၍လည်း ရမည်မဟုတ်ပေ။ ထိုဆုံးဖြတ်ချက်ကြောင့် ကမ္ဘောဒီးယား၏ တရားရုံးများသည် လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်နှင့် သူ၏ Cambodian People’s ပါတီ၏ လွှမ်းမိုးမှုအောက် ရောက်ရှိနေသည်ဆိုသော ဝေဖန်သံများပို၍ ကျယ်လောင်လာသည်။

Candlelight ပါတီကို တွေ့ရစဉ်

ကမ္ဘောဒီးယား၏ ရွေးကောက်ပွဲကော်မရှင်က Candlelight ပါတီ၏ မှတ်ပုံတင်ခြင်း ကိစ္စကို မေလ ၁၆ ရက်တွင် ပယ်ချခဲ့သည်။ လိုအပ်သော စာရွက်စာတမ်းများ မပြည့်စုံခြင်းကြောင့်ဟု ဆိုသည်။

ထို့နောက် ပါတီဘက်က ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ကောင်စီအား လူသိရှင်ကြား တိုင်ချက်ဖွင့်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကောင်စီက ပယ်ချလိုက်ပြီ ဖြစ်သည်။ Candlelight ပါတီကို ထောက်ခံသူများ အနေဖြင့် ၎င်းတို့ သဘောကျ နှစ်သက်သော ကိုယ်စားလှယ် လောင်းများကို မဲပေးခွင့် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည့်အတွက် ကောင်စီ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဝမ်းနည်းမိသည်ဟု Candlelight ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ကင်ဆိုးလ် ပီရစ်က ပြောသည်။

ရွေးကောက်ပွဲတွင် Candlelight ပါတီ မပါဝင်ခြင်းက ပြည်သူများ၏အသံကို ငြင်းဆန်သည့် သဘောဖြစ်ကာ ဒီမိုကရေစီ စစ်မှန်သော နိုင်ငံများတွင် ထိုကဲ့သို့သော ကိစ္စမျိုး မဖြစ်သင့်ဟုလည်း ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ၏ ဆုံးဖြတ်ချက်သည် ပြည်တွင်းပြည်ပတို့မှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ထိုကိစ္စကြောင့် ရွေးကောက်ပွဲများအတွက် တရားဝင် စောင့်ကြည့် လေ့လာသူများကို စေလွှတ်တော့မည် မဟုတ် ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ပြောသည်။

ဟွန်ဆန်၏ သားဖြစ်သူ ဟွန်မာနတ်ကိုတွေ့ရစဉ်

Candlelight ပါတီအား ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်သည့် ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိသည်ဟုလည်း ယင်းက ပြောသည်။

အတိုက်အခံ ပါတီများ၊ လွှတ်လပ်သော မီဒီယာများနှင့် လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသော ဖိနှိပ်မှုများသည် ကမ္ဘောဒီးယား၏ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်ရေး နိုင်ငံတကာ ကတိကဝတ်ကို ထိခိုက်စေသည်ဟုလည်း နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်သော ပါတီစုံဒီမိုကရေစီစနစ်တွင် နိုင်ငံသားများအားလုံး ပါဝင်နိုင်သည်ကို သေချာစေရန် ပြန်လည် သုံးသပ်မှု လုပ်ဆောင်ရန်လည်း ကမ္ဘောဒီးယား အာဏာပိုင်များကို တိုက်တွန်းသည်။

လာမည့် ဇူလိုင် ၂၃ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ကမ္ဘောဒီးယား၏ ၁၂၅ နေရာပါ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် ကမ္ဘောဒီးယားပြည်သူ ၉ ဒသမ ၇ သန်းက ပါဝင် မဲပေးရန် စာရင်းပေးထားသည်။

ယင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၁၈ ခုက စာရင်းပေးထားကာ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြု ချက် ပေးထားသည်။

သို့သော် Candlelight ပါတီ ပါဝင်ခြင်း မရှိမှုက ဟွန်ဆန်၏ ပါတီ၊ ယင်း၏ မဟာမိတ်များနှင့် ရွေးကောက်ပွဲ အတွက် ထောက်ခံမှု လုံလုံလောက်လောက် မရှိထားသော ပါတီငယ်များကိုသာ ယှဉ်ပြိုင်မှုအတွင်း ကျန်ရစ်စေ သည်။

ထို့ကြောင့် ရွေးကောက်ပွဲ၏ ရလဒ်မှာ တစ်ဖက်သတ်ဖြစ်ရန် သေချာသလောက် ရှိနေပြီလည်း ဖြစ်သည်။

ဝန်ကြီးချုပ် ဟွန်ဆန်၏ Cambodian People ပါတီသည် တိုင်းပြည်၏ အာဏာကို ဆယ်စုနှစ်များစွာ ဆုပ်ကိုင် ထားရုံမက အစိုးရ၏ အဆင့်အသီးသီးတိုင်းကို ချုပ်ကိုင်ထားသည်။ အာဏာရှင်ဟု သတ်မှတ်ခံထားရသော အသက် ၇၀ အရွယ် ဟွန်ဆန်၏ ရာထူးကို ဆုပ်ကိုင်ထားမှုသည်ပင် ၃၈ နှစ်ရှိနေပြီ ဖြစ်သည်။

 ကမ္ဘောဒီးယားနိုင်ငံတွင်း တစ်နေရာကို တွေ့ရစဉ်

ဟွန်ဆန်နှင့် သူ၏ပါတီသည် ခေတ်အဆက်ဆက် ရွေးကောက်ပွဲများ မတိုင်ခင်တွင် ၎င်းတို့၏ အာဏာ၊ ရာထူး များကို အသုံးချလေ့ရှိသည်။

ယင်းတို့သည် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ဘဏ္ဍာရေးအပြင် မီဒီယာကဏ္ဍ အထိပါ လွှမ်းမိုး ချုပ်ကိုင်ထားခြင်းကြောင့် ဖြစ်သည်။ ဟွန်ဆန်၏ အကြီးဆုံးသားဖြစ်သူ ဟွန်မာနတ်သည် လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၏ စစ်ဦးစီးချုပ်ရာထူးကို ရယူထားသည်။

၎င်းသည် ယခု ရွေးကောက်ပွဲ ပြီးချိန်တွင် ဝန်ကြီးချုပ်ရာထူးကို ရယူကာ ဖခင်၏နေရာကို အစားဝင်မည်ဟုလည်း ယူဆရသည်။

ထိုသို့သော အားသားချက်များစွာကို လူသိရှင်ကြား ရယူထားသည်တိုင် ဟွန်ဆန်နှင့် ယင်း၏အာဏာရပါတီတို့ သည် ရွေးကောက်ပွဲတိုင်းတွင် အတိုက်အခံပါတီများကို ဖိနှိပ်၊ နှိပ်ကွက် မှုများစွာ လုပ်ဆောင်လေ့ရှိသည်။

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်တွင် ဟွန်ဆန်၏ ပါတီအား ပြင်းပြင်းထန်ထန် စိန်ခေါ်မှု လုပ်ဆောင်နိုင်သည့် ပါတီတစ်ခု ရှိခဲ့ဖူးသည်။ Cambodia National Rescue ပါတီဖြစ်သည်။

ရွေးကောက်ပွဲ ဝင်ရောက်ခွင့် ပိတ်ပင်ခံ ခဲ့ရသော Candlelight ပါတီသည် Combodia National Rescue ပါတီ အား တရားဝင် မဟုတ်သော်လည်း ဆက်ခံရေး ရှိသည့် ပါတီဖြစ်သည်။

သို့သော် ထိုပါတီသည် ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုတွင် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ Cambodia National Rescue ပါတီသည် အစိုးရကို ဖြုတ်ချရန် တရားမဝင် ကြံစည်ခဲ့သည်ဟူသော စွဲချက်အောက်တွင် အငြင်းပွားဖွယ် တရားရုံး ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခံခဲ့ရခြင်း ဖြစ်သည်။

Cambodia National Rescue အား ဖျက်သိမ်းခြင်းကြောင့် အစိုးရအနေဖြင့် အမျိုးသားလွှတ်တော်တွင် နေရာ အားလုံးကို အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် အနောက်အုပ်စု နိုင်ငံများက ထိုရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှုမရှိဟု ကြေညာကာ ကမ္ဘောဒီးယားနိုင်ငံအား စီးပွားရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ တုံ့ပြန် ချမှတ်ခဲ့သည်။

ထို့အပြင် နိုင်ငံအတွင်းရှိ ထင်ရှားသော အတိုက်အခံများသည်လည်း တရားမျှတမှုမရှိသော စွပ်စွဲချက်များဖြင့် အရေးယူ ထောင်ချခြင်းကို ရှောင်ရှားရန်အတွက် တခြားနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Source: AP