CNI International Article

၂၀၂၃ ခုနှစ်၊ ဇွန်လ ၄

ဆီနီဂေါနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် အူစမာနီဆွန်ကိုအား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက် ပေါ်ပေါက် လာသော ထိပ်တိုက် တွေ့ဆုံမှုများတွင် လူ ၉ ဦး သေဆုံးခဲ့ရသည်။

ဆွန်ကိုအား ထောင်ဒဏ် ချမှတ်ခဲ့ခြင်းအပေါ် ဒေါသဖြစ်နေကြသည့် ၎င်းကို ထောက်ခံသူများက ဇွန်လ ၁ ရက်နေ့ တွင် အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များထံ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သလို ဘတ်စ်ကားများကို မီးရှို့ခဲ့ ကြသည်။

လူငယ်များကို အလွဲသုံးစားမှုဖြင့် ဆွန်ကိုအပေါ် ထောင်ဒဏ် ချမှတ်ခဲ့သည့် တရားရုံး ဆုံးဖြတ်ချက်ကို ဆန့်ကျင့် ကြောင်း ပြသခဲ့ကြခြင်း ဖြစ်သည်။

ဆွန်ကိုသည် အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ပေးခံခဲ့ရသော်လည်း ၎င်းအပေါ် စွပ်စွဲထားသည့် အနှိပ်ပညာရှင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု၊ သတ်ဖြတ်ရန် ခြိမ်းခြောက်မှု စသော စွဲချက်များမှ တရားသေ လွတ်မြောက်ခဲ့သည်။

သို့သော် ၎င်းကို ထောက်ခံသူများဘက်က ထိုစွဲချက်များသည် ဆွန်ကိုအား လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ သမ္မတ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိစေရန် နိုင်ငံရေးအရ လုပ်ကြံမှုဟု ရှုတ်ချသည်။
အစိုးရဘက်ကတော့ ထိုစွပ်စွဲမှုများကို ငြင်းဆိုထားသည်။

ဆွန်ကိုအား တွေ့ရစဉ်

မည်သည့်အတွက်ကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်လာရသလဲ
************************************************************
ဆွန်ကို၏ PASTEF ပါတီက တရားရုံးပြစ်ဒဏ်သည် နိုင်ငံရေးအရ လုပ်ကြံမှု၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ပြောခဲ့သလို နိုင်ငံသားများအနေဖြင့် အလုပ်များ အားလုံးကိုရပ်ကာ လမ်းပေါ်ထွက် ဆန္ဒပြရန် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုမှုက အနောက်အာဖရိကနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း အကြမ်းဖက် ဆန္ဒပြမှုများကို ဖြစ်စေခဲ့ သည်။

လက်ရှိသမ္မတ မာကီဆောလ်နှင့် ပတ်သက်၍ မကျေနပ်မှုများစွာ ရှိနေသည့် အချိန်တွင် ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့သည့် ဆောလ်သည် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင် ရန် ပျက်ကွက်ခဲ့သည်ဟု ဝေဖန်သူများက ထောက်ပြကြသည်။

ထို့နောက် ၎င်းသည် သမ္မတသက်တမ်း သတ်မှတ်ချက်ကို ဖြတ်ကျော် ချိုးဖောက်ကာ လာမည့် ရွေးကောက်ပွဲသို့ ဝင်ပြိုင်ရန် ကြိုးပမ်းနေသည်ဆိုသည့် အတိုက်အခံများ၏ ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။

ဆွန်ကိုသည် ၂၀၁၉ ခုနှစ် ဆီနီဂေါသမ္မတ ရွေးကောက်ပွဲတွင် တတိယနေရာသာ ရရှိခဲ့သော်လည်း နိုင်ငံတွင်းရှိ လူငယ်များအကြားတွင် ရေပန်းစားသူ ဖြစ်သည်။

ဆွန်ကိုသည် သမ္မတဆောလ်အား ယှဉ်ပြိုင်နိုင်သည့် ပင်မ အတိုက်အခံ တစ်ဦးအဖြစ် ရှုမြင်ခြင်း ခံထားရသူဖြစ်ရုံ က သမ္မတအနေဖြင့် တတိယမြောက် သက်တမ်းအား ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဆိုသည့် အာမခံအား လူသိ ရှင်ကြား ထုတ်ဖော် ပြောဆို၍ တောင်းဆိုထားသူ ဖြစ်သည်။

ဆီနီဂေါသမ္မတကို တွေ့ရစဉ်

တရားရုံး အမိန့်ချမှတ်ခဲ့ပြီးနောက် ဘာတွေဖြစ်ခဲ့သလဲ
****************************************************
ဆွန်ကိုနှင့် ပတ်သက်၍ ဇွန်လ ၁ ရက်နေ့က တရားရုံး အမိန့်ချမှတ်ခဲ့ပြီးနောက် မြို့တော် ဒါကာတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ကာ ဘတ်စ်ကားများကိုလည်း မီးတင်ရှို့ခဲ့သည်။

၂၀၂၂ ခုနှစ်မှ ယနေ့အချိန်အထိ ဆွန်ကို မြို့တော်ဝန်အဖြစ် ဆောင်ရွက်နေသော ဇီချင်ချောမြို့ အပါအဝင် ဆီနီဂေါ နိုင်ငံတစ်ဝန်းလုံးတွင်လည်း မငြိမ်သက်မှုများစွာ ပေါ်ပေါက်လာခဲ့သည်။

ဒါကာမြို့လယ်ရှိ ပင်မ တက္ကသိုလ် နယ်မြေတစ်ခုမှ အမဲရောင် မီးခိုးလုံးများ ပေါ်ထွက်လာသည်ကို တွေ့ရသည်။

ထိုသို့ တွေ့မြင်ခဲ့ရခြင်းမှာ ဆန္ဒပြသူများက နေ့ခင်းကြောင်တောင် အချိန်၌ ဘတ်စ်ကားတချို့ကို မီးရှို့ခဲ့သလို ရဲတပ်ဖွဲ့ဝင်များကို ကျောက်တုံးများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ကြသည်။

ရဲများဘက်ကလည်း မျက်ရည်ယို ဗုံးများဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ ဆီနီဂေါမြို့တော်တွင် Al Jazeera သတင်း ထောက်နှင့် အင်တာဗျူး ဖြေဆိုခဲ့သော အမျိုးသားတစ်ဦးလည်း ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
နိုင်ငံရေးနှင့် ပတ်သက်စရာမရှိဟု ဒါကာ ဒေသခံတစ်ဦးဖြစ်သူ ဆေနီ ဆန်ဂေါက ပြောသည်။

ကုမ္ပဏီဝန်ထမ်း တစ်ဦးသာဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်စရာ မရှိကြောင်း ပြောခဲ့သော ဆေနီသည် လက်ရှိ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ယခင်က မမြင်တွေ့ခဲ့ရဖူးဟု ပြောခဲ့သလို ရဲတပ်ဖွဲ့၏ ကိုင်တွယ် ဖြေရှင်းပုံ နှင့် ပတ်သက်၍လည်း ထိတ်လန့်မိသည်ဟု ဆိုသည်။

ထိုသို့ အင်တာဗျူး ဖြေဆိုနေချိန်မှာပင် ဆေနီ၏ အနီးသို့ မျက်နှာဖုံး ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ချဉ်း ကပ်လာကာ ၎င်းကို ကားပေါ်တင်၍ ဖမ်းဆီးသွားခဲ့သည်။

ဆီနီဂေါမှာ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုမြင်ကွင်း

လူမှုကွန်ယက်များကို ယာယီပိတ်ထားခြင်း

***************************************
အကြမ်းဖက်မှုများကြောင့် ဆီနီဂေါနိုင်ငံတွင်း ဇွန်လ ၁ ရက်နေ့ နှောင်းပိုင်းမှ စတင်ကာ လူမှုကွန်ယက်နှင့် မက်ဆေ့စ်ပို့ရန် အသုံးပြုသော အပလီကေးရှင်းများကို ပိတ်ပစ်လိုက်သည်။

ထိုသို့ ပိတ်ပင်မှုက ပြည်သူများ၏ အချင်းချင်း ဆက်သွယ် ပြောဆိုနိုင်မှုအပေါ် သိသိသာသာ သက်ရောက်မှု ရှိစေနိုင်သည်ဟု အင်တာနက် အသုံးပြုမှုဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောသည်။

ယခုကဲ့သို့ အလားတူ ပိတ်ပင်မှုများကို ၂၀၂၁ ခုနှစ် အလုံးအရင်းနှင့် ဆန္ဒပြမှုများတွင်လည်း လုပ်ဆောင်ခဲ့ဖူးသည် ဟု ၎င်းအဖွဲ့က ပြောသည်။

ဆွန်ကို ၂၀၂၄ သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါ့မလား
******************************************************************
အဓမ္မမှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ဆွန်ကိုအား ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးခဲ့ဖူးပြီး ထိုဖမ်းဆီးမှုကြောင့် ရက်အတန် ကြာ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရသည်။

အူစမာနီဆွန်ကို၏ သမ္မတရွေးကောက်ပွဲဆိုင်ရာ အမတ်လောင်းဖြစ်မှုသည် အန္တရာယ်တွင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ၏ ရှေ့နေတစ်ဦးက Reuters သို့ ပြောခဲ့သည်။

ဆီနီဂေါနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသော ဆွန်ကိုအနေဖြင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ဖြစ်နိုင်တော့မည် မဟုတ်ဟု နောက်ထပ် ရှေ့နေတစ်ဦးဖြစ်သူ ဘမ်ဘာ ဆစ်စီက ပြောသည်။

လူငယ်များအပေါ် အလွဲသုံးစား လုပ်မှုဖြင့် အပြစ်ပေးခံရခြင်းသည် ဆွန်ကို၏ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် နိုင်ခြင်းကို ထိခိုက်စေနိုင်ကြောင်း၊ ၎င်းကို မျက်ကွယ်တွင် အပြစ်ပေးခဲ့သည့်အတွက် ထိုပြစ်ဒဏ်အပေါ် အယူခံ မဝင်နိုင်ခြင်းကြောင့် ဖြစ်ကြောင်းလည်း ဆစ်စီက ထပ်မံ ပြောဆိုခဲ့သည်။

Source: Aljazeera