CNI Sport Article

၂၀၂၃ ခုနှစ်၊ ဇွန်လ ၄

အရင်တုန်းကဆို ဆော်ဒီလိဂ်ကို ဘယ်သူကမှ သတိ မပြုမိပေမယ့် အခုအချိန်မှာတော့ အားကစားသတင်းတွေရဲ့ မျက်နှာဖုံးတွေမှာ သူတို့နဲ့ ပတ်သက်တဲ့ သတင်းတွေက နေရာယူလာတာကို မြင်တွေ့ရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို အနိုင်ယူခဲ့ချိန်ကစပြီး ဆော်ဒီနိုင်ငံကို လူတွေစပြီး စိတ်ဝင်စားလာတာနဲ့အတူ အခုဆိုရင် ဆော်ဒီပရိုလိဂ်ရဲ့ အကြောင်းကိုတောင် သိရှိလာကြပြီ ဖြစ် ပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ ဘောလွန်းဒီအော ၅ ကြိမ် ရရှိထားတဲ့ ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒိုကို ခေါ်ယူလိုက် ချိန်ကစပြီး သူတို့ရဲ့ အရှိန်အဟုန်က တော်တော်လေးကို မြင့်မားလာခဲ့တာပါ။

ရော်နယ်ဒိုကို စံချိန်တင် လုပ်အားခ ယူရိုသန်း ၂၀၀ ပေးခဲ့ရပေမယ့် ပေးရတဲ့ ငွေကြေးထက် ပိုများတဲ့ အကျိုး အမြတ်ကို ဆော်ဒီတို့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုပါတဲ့ ဆော်ဒီလိဂ်ဟာ လူစိတ်ဝင်စားမှု ပိုများလာတာကို သိရှိခဲ့တဲ့ ဆော်ဒီအကြီးအကဲတွေဟာ သူတို့ရဲ့နောက်ထပ် ကြီးမားတဲ့ အစီအစဉ်တွေကို ချမှတ်ခဲ့ကြပါတယ်။

ဆော်ဒီလိဂ်ပြိုင်ပွဲ ကြည့်နေတဲ့ ပရိသတ်များကိုတွေ့ရစဉ်

သူတို့ဟာ ကမ္ဘာကျော် ဘောလုံးသမားတွေကို နိုင်ငံအတွင်းမှာ ကစားစေဖို့အတွက် မက်လောက်စရာ ငွေကြေး ပမာဏတွေနဲ့ ကမ်းလှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ပစ်မှတ်တွေကို ကြည့်လိုက်ရင် အောင်မြင်မှု အများအပြား ရရှိခဲ့ပြီး ကစားသမားဘဝက အနားယူဖို့ နီးစပ်လာတဲ့ ထိပ်တန်း ကစားသမားတွေ ဖြစ်ကြတာပါ။

လက်ရှိအချိန်မှာ ဆော်ဒီလိဂ်ဟာ ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံနဲ့ ဘောလွန်းဒီအော ၇ ကြိမ် ရထားတဲ့ မက်ဆီ၊ ဘောလွန်းဒီအော ၁ ကြိမ်စီ ရထားတဲ့ မိုဒရစ်၊ ဘန်ဇီမာနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဘတ်စ်ကွက်တို့ကို ပစ်မှတ်ထားနေ တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်နဲ့ ၃၇ ကြားရှိတဲ့ ကစားသမားတွေကို ဆော်ဒီလိဂ်က ကမ်းလှမ်းတဲ့ ပမာဏဟာ မျက်လုံးပြူးစရာ ဖြစ်ပြီး ယူရိုသန်း ၅၀၀၊ ယူရိုသန်း ၂၀၀ နဲ့ ယူရိုသန်း ၁၀၀ တို့ဖြစ်ပါတယ်။ ဒီပမာဏဟာ ဥရောပမှာ ဆက်ပြီး ကစားရင် ရနိုင်မှာ မဟုတ်တဲ့ ငွေကြေးပမာဏတွေပါ။

အောင်မြင်မှုတွေလည်း အများကြီး ရရှိထားပြီးဖြစ်လို့ အနားမယူခင်မှာ ငွေကြေး အများအပြား ရှာဖွေလို့ရတဲ့ ဆော်ဒီရဲ့ ကမ်းလှမ်းမှုတွေဟာ ဒီကစားသမားတွေအတွက်တော့ မဖြစ်မနေ စဉ်းစားရမယ့် အချိန်ကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ဘန်ဇီမာကိုတွေ့ရစဉ်

ဒါပေမယ့် ဆော်ဒီဘက်မှာလည်း ဒီလိုငွေကြေးတွေကို အလုံးအရင်းလိုက် သုံးစွဲပြီး နာမည်ကျော် ကစားသမားတွေ ကို နိုင်ငံအတွင်း လာရောက်ကစားဖို့ ဆွဲဆောင်နေတဲ့ အဓိက အကြောင်းအရင်းလည်း ရှိနေပါတယ်။

ဆော်ဒီနိုင်ငံက အကြီးအကဲတွေရဲ့ အိပ်မက် တစ်ခုကတော့ နှစ် ၁၀၀ ပြည့်အဖြစ် ကျင်းပမယ့် ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပချင်နေတာ ဖြစ်ပါတယ်။

ငွေကြွေး ကြွယ်ဝချမ်းသာပေမယ့် အခြားနိုင်ငံတွေနဲ့ အောင်မြင်မှုချင်း ယှဉ်ရင် ပြောစရာစကား မရှိတဲ့ ဆော်ဒီ ကတော့ သူတို့ စီစဉ်ထားတဲ့ အရာတွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာခဲ့တာပါ။

ဒါကတော့ နာမည်ကြီး ကစားသမားတွေကို စာချုပ်ချုပ်ရင်း ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရနိုင်အောင် သံတမန်အဖြစ် ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းလာခဲ့တာ ဖြစ်ပါတယ်။

ဒါမှလည်း အိမ်ရှင်နိုင်ငံကို ရွေးချယ်မယ့် ဖီဖာအနေနဲ့ ကမ္ဘာကျော် ကစားသမားတွေရှိတဲ့ ဆော်ဒီနိုင်ငံကို မျက်စိကြ မှာပါ။ အဲဒီလိုမျိုး ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ ဆော်ဒီကတော့ အကြီးအကဲတွေရဲ့ ကျောထောက် နောက်ခံနဲ့ နာမည်ကျော်တွေကို အခုအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စတင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကိုတွေ့ရစဉ်

အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ ရော်နယ်ဒို ကတော့ နာမည်ကျော် ကစားသမားတွေကို ဆော်ဒီလာရောက် ဖို့ ကြိုဆိုခဲ့ပါတယ်။ ရော်နယ်ဒိုက သူတို့တွေသာ လာခဲ့ရင် ဆော်ဒီပရိုလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခုထဲမှာ ဝင် ရောက် နိုင်တယ်လို့ သူ့ရဲ့အမြင်တွေကို ချပြထားပါတယ်။

ဆော်ဒီကတော့ သူတို့ရဲ့လိဂ်ကို ရော်နယ်ဒို ပြောသလို ထိပ်တန်းလိဂ် အဆင့် သတ်မှတ်ချက်ထဲဝင်ဖို့ ရည်မှန်းထား သလို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ ဖြစ်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။