CNI International Article

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁

ရုရှားတို့ ထိန်းချုပ်ထားရာ နယ်မြေများကို ပြန်ယူရေး ကာလရှည် စောင့်ဆိုင်းနေသော ယူကရိန်း၏ နွေဦး ကာလ တန်ပြန် ထိုးစစ်ဆင်မှုများကို မည်သည့် အချိန်နှင့် မည်သည့် နေရာတွင် စတင်မည် ဆိုခြင်းကို လေ့လာသူများက ကာလရှည် စောင့်ကြည့်ခဲ့ကြသည်။ 

အဆင်သင့် ဖြစ်နေပါပြီဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ဇွန်လ ၃ ရက်နေ့ကပဲ Wall Street Journal နှင့် အင်တာဗျူးတွင် ပြောခဲ့သော်လည်း စတင်မည့်ရက် အတိအကျကို မပြောခဲ့ပေ။ 

သို့သော် တန်ပြန် ထိုးစစ်သည် မကြာခင် ပေါ်ပေါက်လာမည်ဟု ၎င်းက အချက်ပြခဲ့သည်။

လိုအပ်သည်များ ရရှိရန် လိုနေသေးသည်ဟူသော ဇာလန်းစကီး၏ ပြောစကားသည် အနောက်အုပ်စုဘက်မှ တိုက်လေယာဉ်ကဲ့သို့ လက်နက်များ ထောက်ပံ့ပေးမှုကို ရည်ညွန်းခြင်းဖြစ်ပြီး လပေါင်းများစွာ မစောင့်နိုင်ဟုလည်း ၎င်းက ဆိုသည်။ 

နောက်တစ်ရက်အကြာ ဇွန်လ ၄ ရက်တွင် အရှေ့တောင်ပိုင်း ဒွန်းတက်ခ်ဒေသတွင် အကြီးစား ထိုးစစ်ဆင်လာ သော ယူကရိန်းတပ်ဖွဲ့များကို နှိမ်နင်းနိုင်ခဲ့သည်ဟု ရုရှားအစိုးရက ပြောသည်။ 

အနောက်အုပ်စု အရာရှိများနှင့် လေ့လာသူများ၏ ပြောစကား အကိုးအကားဖြင့် ယူကရိန်း၏ တန်ပြန် ထိုးစစ် ဆင်မှု စတင်နေပြီဟု ယူဆရကြောင်း သတင်းများတွင် ရေးသားနေကြသည်။ သို့သော်လည်း ယူကရိန်းအစိုးရ ဘက်က ယခုချိန်ထိ ယင်းကို အတည်မပြုသေးပဲ ရုရှား၏ ပြောစကားကိုလည်း သတင်းမှားအဖြစ် ငြင်းဆန်ခဲ့ သည်။ 

နှစ်ရက်အကြာ ၆ ရက်နေ့တွင် ရုရှားတို့ ထိန်းချုပ်ထားရာ ခါဆွန်ဒေသရှိ နိုဗာခါခို့ဗ်ကာဆည် ဖျက်ဆီးခံခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

ထို့ကြောင့် ယူကရိန်းတို့၏ တန်ပြန်ထိုးစစ်ဆင်မှု စတင်နိုင်မည်လားဆိုခြင်းနှင့် ဆည်ကျိုးမှုက ထိုးစစ်ဆင်မှု၏ အောင်မြင်မှုအပေါ် အကျိုးသက်ရောက်မှု ရှိစေမည်လား ခန့်မှန်းမှုများလည်း ပေါ်ထွက်လာခဲ့သည်။ 

အဆိုပါ ဆည် ကျိုးသွားသည့်အတွက် တရားခံအဖြစ် ရုရှားနှင့်ယူကရိန်းတို့က အပြန်အလှန် လက်ညိုးထိုး နေကြသည့် အခြေအနေတွင် ယင်းသည် ယူကရိန်းစစ်ပွဲအတွင်း အကြီးမားဆုံး ပျက်စီးမှု ဖြစ်လာခဲ့သည်။ 

လက်ရှိအချိန်ထိ ဘယ်သူ့ လက်ချက်ဖြစ်သည်ကို အတိအကျ မသိရသေးပေ။ သို့သော် အမေရိကန် အခြေစိုက် စစ်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ ISW က ရုရှားအနေဖြင့် ဆည်ကို ပစ်မှတ်ထား တိုက်ခိုက်လိမ့်မည်ဟု အောက်တိုဘာလတွင် ခန့်မှန်းချက် ထုတ်ပြန်ခဲ့ဖူးသည်။ 

ဆည်ကျိုးလျှင် မြို့ ၈၀ နီးပါး ရေမြှုပ်ကာ၊ လူထောင်ချီ နေရပ်ရွှေ့ပြောင်း ရရုံသာမက ပျက်ဆီးနေသည့် ယူကရိန်း ၏ လျှပ်စစ်ဓာတ်အားပေးစနစ်ကို ပိုမိုဆိုးရွားစေနိုင်မည် ဖြစ်သောကြောင့် ဆည်ကို ဖောက်ခွဲခြင်းတွင် ယူကရိန်း အတွက် မည်သည့် အကျိုးအမြတ်မှ မရှိနိုင်ဟု ISW က ခန့်မှန်းသည်။ 

သို့သော် ရုရှားတွင် ယင်းနှင့် ပြောင်းပြန် ဖြစ်သည်။ ရုရှားသည် ၎င်းတို့ တပ်များ အခြေအနေ မကောင်းမှုကို ဖုံးကွယ်ရန်၊ တန်ပြန်ထိုးစစ်အတွက် ယူကရိန်းတပ်ဖွဲ့များ မဖြစ်မနေ ဖြတ်ကျော်ရမည့် ဒီနီပရိုမြစ်ရေကို ပို၍ ကျယ်ပြန့်သွားစေရန် ထိုသို့ ပြုလုပ်နိုင်သည်ဟု ISW ၏ ခန့်မှန်းချက်တွင် ပါဝင်သည်။

စစ်ပွဲအလိုမရှိကြောင်း ပြသနေစဉ်

ထိုခန့််မှန်းမှုများကို ISW က အောက်တိုဘာလတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အမှန်တကယ် ဆည်ကျိုးချိန်တွင် ယင်း သည် ရုရှားလက်ချက်ပါဟု တစ်ထစ်ချ မပြောနိုင်ကြောင်းလည်း ISW က ထုတ်ပြန်ခဲ့သည်။ 

ဖော်ပြပါ အခြေအနေများက ယူကရိန်း၏ တန်ပြန်ထိုးစစ်နှင့် ပတ်သက်သည့် ဒွိဟများကို ပို၍ အားကောင်း လာစေပြန်သည်။ 

လက်ရှိတွင် ယူကရိန်းနှင့် ရုရှားတို့သည် ယူကရိန်း အရှေ့မြောက်ဘက် ခါကိဗ်မှ အနောက် တောင်ဘက် ဒွန်းတက်ခ်အထိ မိုင် ၆၀၀ ကျော် အရှေ့ဘက် ရှေ့တန်းစစ်မျက်နှာပြင် တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ယင်းတွင် ကာလအရှည်ဆုံးနှင့် အဆိုးရွားဆုံး တိုက်ပွဲများ ပေါ်ပေါက်ရာ ဘတ်စ်မုမြို့နှင့် ရုရှားတို့ သိမ်းပိုက်ထားရာ လူဟန့်ခ်၊ ဇာပိုရီဇီဟာ ဒေသတို့လည်း ပါဝင်သည်။ 

ယူကရိန်းသည် ၎င်းတို့နိုင်ငံတွင်းမှ ရုရှားတပ်များကို နှိမ်နင်းရေးနှင့် ပတ်သက်၍ များစွာလျှို့ဝှက်ထားသည်။ 

အစီအစဉ်များကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော် ပြောဆိုခြင်းဖြင့် မည်သည့် အကျိုးအမြတ်မှ ရရှိနိုင်မည် မဟုတ်ဟု ယူကရိန်းအစိုးရဘက်က ယုံကြည်ထားခြင်းကြောင့် ဖြစ်သည်။ 

စကားလုံးများသည် အရေးမပါကြောင်း၊ ယင်းတို့သည် ထိခိုက်မှုကိုသာ ဖြစ်စေကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီးက ပွင့်ပွင့်လင်းလင်း ပြောသည်။ 

နှုတ်ခမ်းကို လက်ဖြင့် ပိတ်ထားသော ယူကရိန်းစစ်သားများပုံကို အင်္ဂလိပ်သီချင်း Enjoy the Silence ဖြင့်တွဲ၍ တွစ်တာတွင် တင်ခဲ့ကာ အစီအစဉ်များသည် ဆိတ်ဆိတ်နေခြင်းကို နှစ်သက်ကြောင်း၊ စတင်မည့် အချိန်ကို လုံးဝ ထုတ်ပြန်မည် မဟုတ်ကြောင်းလည်း ရေးသားထားသည်။ 

ယူကရိန်းတွင် ၎င်းတို့ စစ်ဆင်ရေးနှင့် ပတ်သက်၍ တိတ်တိတ်နေရန် အကြောင်းပြချက်များစွာ ရှိနေသည့် အချိန်တွင် လေ့လာသူ အများစုက ယူကရိန်းတပ်ဖွဲ့များသည် ခရိုင်းမီးယားနှင့် ရုရှားပြည်မကြီးကို ဆက်သွယ်ထား သည့် လမ်းကြောင်းများကို ဖြတ်တောက်ရန်အတွက် တောင်ဘက် အဇော့ဗ်ပင်လယ်သို့ ရွှေ့လာမည်ဟု ခန့်မှန်း သည်။ 

တခြားသော ခန့်မှန်းမှုများတွင်လည်း ယူကရိန်းတပ်များသည် ဘတ်စ်မုမြို့ရှိ ရုရှားတပ်ဖွဲ့များကို ဝိုင်းထားရန် ပါဝင်သည်။ 

မည်သို့ပင်ဆိုစေကာမူ နိုဗာခါခို့ဗ်ကာ ဆည် ကျိုးပေါက်သွားသည့်တိုင် ယူကရိန်းအစိုးရဘက်က ၎င်းတို့၏ အစီအစဉ်များကို နှုတ်ဆိတ်နေဆဲ ဖြစ်သော်လည်း ထိုးစစ်ဆင်ရန် လုပ်ဆောင်ချက်များ ချမှတ်နေသည် ဆိုခြင်းကို အတည်ပြုမှု တချို့လည်း မကြာသေးခင်က ထွက်ပေါ်လာခဲ့သည်။ 

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်

ယူကရိန်းတပ်ဖွဲ့များသည် အရှေ့ဘက် ရှေ့တန်းစစ်မျက်နှာ တစ်လျှောက် နေရာများတွင် ထိုးစစ်ဆင်မည့် လုပ်ရပ်များ ပြုလုပ်နေကာ ဘတ်စ်မုဒေသသည် အကြမ်းဖက်မှုများ၏ ဗဟိုချက်အဖြစ် ဆက်ရှိနေဦးမည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး ဟန်နာ မာလီရာက ပြောသည်။

ရုရှားတို့ဘက်မှ တန်ပြန်ထိုးစစ်နှင့် ပတ်သက်သည့် ထုတ်ပြန်မှုများသည် ဘတ်စ်မုတွင် ၎င်းတို့၏ စစ်ရေးမလှမှု အပေါ် အာရုံစိုက် ခံရခြင်းမှ ရှောင်လွဲရန်အတွက် ဖြစ်သည်ဟုလည်း မာလီရာက ပြောသည်။ 

ရုရှားသည် ယူကရိန်း၏ တန်ပြန်ထိုးစစ်နှင့် ပတ်သက်၍ သတင်းမှားများစွာ ဖန်တီးရန် ပြင်ဆင်နေသည်ကို သိရှိထားသည်ဟု ယူကရိန်း အမတ်တစ်ဦးက ပြောသည်။ 

ထို့ကြောင့် ပြည်သူများအနေဖြင့် ရုရှားဘက်မှ သတင်းအမှားများကို မယုံကြည်သင့်ကြောင်းလည်း ၎င်းက သတိ ပေးခဲ့သည်။ 

ယူကရိန်းသည်ပင် သတင်းတု ဖန်တီးကာ ရုရှားကို လှည့်စားရန် ကြိုးပမ်းခဲ့ဖူးပြီး တောင်ပိုင်းတွင် ထိုးစစ်ဆင်မည် ဟု လူသိရှင်ကြား ထုန်ပြန်ခဲ့ပြီးမှ အရှေ့မြောက်ပိုင်းတွင် တန်ပြန် ထိုးစစ်ဆင်မှု တစ်ခုကို စက်တင်ဘာလတွင် လုပ်ဆောင်ခဲ့သည်။ 

မည်သည့်အချိန်၊ မည်သည့်နေရာတွင် စတင်သည်ဖြစ်စေ ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် ၁၆ လကြာ စစ်ပွဲ အတွက် အကြီးမားဆုံး အလှည့်အပြောင်း တစ်ခု  ဖြစ်လာဖို့ရှိနေသည်။ 

ယင်းတွင် ယူကရိန်းဘက်ကသာ အနိုင်ရရှိခဲ့မည်ဆိုလျှင် ယူကရိန်းအစိုးရအနေဖြင့် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးအဖြစ် ရုရှားတို့ သိမ်းပိုက်ထားရာ နယ်မြေ အများအပြားကို ပြန်လည် သိမ်းပိုက်နိုင်မည်ဖြစ်ကာ စစ်ပွဲ၏ ရလဒ်သည်လည်း သိသိသာသာ ပြောင်းလဲသွားနိုင်မည်။ 

ယူကရိန်းအတွက် စစ်ရေးနှင့်ဘဏ္ဍာရေးတို့တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့ထားသည့် အနောက်အုပ်စု မဟာမိတ်များသည်လည်း ယူကရိန်း ထိုးစစ်သာ အောင်မြင်မှုရှိခဲ့လျှင် ၎င်းတို့ ကတိပေးထား သည့်အတိုင်း အကူအညီများနှင့် ကာလရှည် အထောက်အပံ့များကို ထပ်မံ လုပ်ဆောင်ပေးရမည် ဖြစ်သည်။ 

သို့သော် ကျရှုံးခဲ့မည်ဆိုလျှင်တော့ ရုရှားနှင့် တွေ့ဆုံညှိနှိုင်းရေး နည်းလမ်းကို ယနေ့အချိန်အထိ ကန့်သတ်ထား သည့် မဟာမိတ်များအနေဖြင့် ယူကရိန်းသည် ရုရှားတို့ ထိန်းချုပ်ထားရာ နယ်မြေများကို အမှန်တကယ် ပြန်လည် သိမ်းပိုက်နိုင်စွမ်းရှိမည်လား ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။

Source: Time