CNI International News

ကိယက်ဗ်၊ မေလ ၂၁

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက စစ်ပွဲအတွင်း ၎င်း၏တပ်ဖွဲ့ဝင်များ ပျက်စီးဆုံးရှုံးမှုအတွက် ရုရှားအနေဖြင့် လျော်ကြေးငွေကို အာမခံပေးရန် ယူကရိန်းမဟာမိတ်များနှင့် တရားဝင် သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာရေး မေလ ၂၀ ရက်တွင် အဆိုပြုခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ရုရှားသည် ယူကရိန်း၏ အခြေခံ အဆောက်အအုံ အများအပြားကို တတ်နိုင်သမျှ ဖျက်ဆီးရန် ကြိုးစားနေကြောင်း၊ အဆိုပါ သဘောတူညီချက် ထွက်ပေါ်လာပါက တာဝန်ရှိသော နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရန်လိုသော လုပ်ရပ်အတွက် ပြန်လည် ပေးဆပ်ရမည့် အစီအစဉ်ကို ပြသသွားမည်ဖြစ်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

“ရုရှားလုပ်ရပ်ကြောင့် ထိခိုက်ခံစားရသူတိုင်း မိမိတို့ နစ်နာဆုံးရှုံးမှု အားလုံးအတွက်‌ လျော်ကြေးငွေ ရရှိနိုင်ကြောင်း သေချာ စေမယ့် ဘက်စုံ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးကြဖို့ ကျနော်တို့ မဟာမိတ်နဲ့ မိတ်ဖက်နိုင်ငံတွေကို ဖိတ်ခေါ်ပါ တယ်” ဟု ၎င်း၏ ဗွီဒီယိုမိန့်ခွန်းထဲတွင် ဇာလန်းစကီးက ကမ်းလှမ်းခဲ့သည်။

ရုရှားကျူးကျော်စစ်ကြောင့် ပျက်စီးသွားသည့် ယူကရိန်း(AFP)

အဆိုပါ သဘောတူညီချက်တွင် လက်မှတ် ရေးထိုးထားသော နိုင်ငံအသီးသီးရှိ ရုရှား၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို သိမ်း ဆည်း သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ရရှိလာပါက အထူးလျော်ကြေး ရန်ပုံငွေထဲသို့ ပေါင်းထည့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“အဲဒီနည်းလမ်းက တရားမျှတပါတယ်။ ရုရှားဟာ သူပစ်လိုက်တဲ့ ဒုံးကျည်တိုင်း၊ ဗုံးတိုင်း၊ ကျည်ဆန်တိုင်းရဲ့ အလေးချိန်ကို ပြန်ဖိစီးစေမှာပါ” ဟု ၎င်းက မှတ်ချက်ချသည်။

ကနေဒါနိုင်ငံက ယခင်လ၌ ၎င်းအစိုးရ၏ ပြောကြားချက်တွင် “ ပိတ်ဆို့ အရေးယူပြီးနောက် သိမ်းဆည်းထားသော နိုင်ငံခြား ပိုင်ဆိုင်မှုများကို ပြန်လည်ဝေငှခွင့်ပြုရန် မိမိတို့နိုင်ငံ၏ ပိတ်ဆို့ အရေးယူမှု ဥပဒေကို ပြောင်းလဲမည်ဖြစ်ကြောင်း၊ စစ်ဘေး ဒုက္ခသည်များအတွက် လျော်ကြေးငွေ (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံ၏ ပြန်လည် တည်ဆောက်ရေးတွင် အထောက်အကူပြုရန် လိုလားပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

Source: Reuters