CNI International News

ဆိုးလ်၊ မေလ ၂၁

မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး အဟန့်အတားရှိနေသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တောင်ကိုရီးယား သမ္မတသစ်တို့ မေလ ၂၁ ရက် (ယနေ့) တွေ့ဆုံ၍ နျူကလီးယား စမ်းသပ်မှု အသစ်နှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိနေခြင်း အပေါ် ကင်မ်ဂျုံအန်းကို အပြစ်တင် ရှုတ်ချသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

လွန်ခဲ့သည့် ၁၁ ရက်ကတည်းက တောင်ကိုရီးယားသမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဘိုင်ဒန်နှင့် ယွန်ဆော့ရွဲတို့သည် ၎င်းတို့၏ သံတမန် ဆက်ဆံရေးအတွက် ဆိုးလ်မြို့တော်တွင် ပထမဆုံး တွေ့ဆုံနေကြပြီဖြစ်ပါသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် နျူကလီးယား (သို့မဟုတ်) ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် အသင့်ရှိ ကြောင်း ပြသနေသဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကြား ရင်းနှီး၍ နီးကပ်သည့် တွေ့ဆုံဆက်ဆံရေးကို အားကောင်းလာစေခဲ့သည်။

ယခု တွေ့ဆုံမှု၌ ခေါင်းဆောင်နှစ်ဦးတို့သည် နျူကလီးယား ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး တိုးတက်စေရန် ဝါရှင်တန်က အသင့်ရှိနေဆဲဖြစ်ကြောင်း ဘိုင်ဒန်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက မေလ ၂၁ ရက်တွင် သတင်းထောက်များကို အသိပေးခဲ့သည်။

“သံတမန်ရေးရာ ချဉ်းကပ်တဲ့ နည်းလမ်းတွေကို ရှာဖွေလုပ်ဆောင်ဖို့ ကျနော်တို့ အင်မတန် ဆန္ဒပြင်းပြပါတယ်” ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်(KCNA)

“သူတို့(မြောက်ကိုရီးယား)နဲ့ စကားပြောဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ အတိအလင်း ပြောထားပြီးပါပြီ။ ကြိုတင် သတ်မှတ် ချက်တွေ မရှိဘဲနဲ့ ကိုဗစ် အပါအဝင် သူတို့ပြည်တွင်း စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းပေးဖို့ ကျနော်တို့ ခြေလှမ်းတွေလည်း ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သို့သော် ယမန်နှစ် ဘိုင်ဒန် အာဏာရလာပြီးနောက် ဝါရှင်တန်နှင့် စေ့စပ်ဆွေးနွေးရေး ကြိုးပမ်းမှုများ ငြင်းဆန်ခဲ့သည့် မြောက်ကိုရီးယားနှင့် ညှိနှိုင်းနိုင်ရန်မှာ ဘိုင်ဒန်နှင့် ယွန်ဆော့ရွဲ တို့အကြား မရေမရာ ဖြစ်နေဆဲရှိသည်။

ယွန်ဆော့ရွဲသည် မြောက်ကိုရီးယားအပေါ် ယခင်ကထက် ပိုမိုတင်းကျပ်ရန် အရိပ်အယောင် ပြသခဲ့ပြီး ဘိုင်ဒန်၏ အကူအညီ တောင်းခံမည်ဟု မျှော်လင့်ရကြောင်း ရိုက်တာက ဆက်လက် ရေးသားခဲ့သည်။

မကြာမီ တိုက်ခိုက်ရန် လိုသည့် လက္ခဏာ ပြသလာပါက ကြိုတင်ကန့်ကွက်မည်ဟု သတိပေးထားပြီး တောင်ကိုရီးယား၏ ဟန့်တားနိုင်မှု စွမ်းရည်ကို ပိုမို အားကောင်း လာစေမည်ဟု ယွန်ဆော့ရွဲက ပြောကြားထားသည်။

မြောက်ကိုရီးယား၏ ပထမဆုံး ကိုဗစ် ဖြစ်ပွားမှုနှင့် ပတ်သက်၍ အမေရိကန်အစိုးရ အရာရှိတစ်ဦးက “အတော်လေး ပြင်းထန် ကြောင်း၊ ကူးစက်မှု အခြေအနေကို အလွန်စိုးရိမ်မိပါကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် ဆိုးရွားသည့် အနေအထား ရင်ဆိုင် နေရပုံ ရခြင်းကို သတိထားမိပါကြောင်း၊ အကူအညီများ လိုအပ်နေသလို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်တွဲသင့်ပြီဆိုခြင်းကို မြောက်ကိုရီးယား မြင်ပြီဟု ထင်ပါကြောင်း” ပြောကြားခဲ့သည်။

Source: Reuters