CNI International News
ပြုံယမ်း၊ ဇွန်လ ၈
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ရပ်တည်နေသော အခြေအနေမှ နောက်ပြန်လှည့်၍ ရတော့မည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ဩဇာကြီးမားသည့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) က ပြောကြားခဲ့သည်ဟု Korea Times မှ ဖော်ပြခဲ့ သည်။
ထို့ပြင် နျူကလီးယား လက်နက်များသည် နောက်ဆုံးစည်းဖြစ်ပြီး မည်သည့် ခြိမ်းခြောက်မှုကိုမဆို ခွင့်လွှတ် သည်းခံသွားမည် မဟုတ်ကြောင်း ကင်မ်ယိုဂျုံက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် စီမံကိန်းသည် ဆွေးနွေးညှိနှိုင်းစရာကိစ္စ မဟုတ်ကြောင်း ကင်မ်ယိုဂျုံက ထပ်မံ အတည်ပြုခဲ့ပြီး နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်း မှုများကိုလည်း ငြင်းပယ်ခဲ့သည်။
“မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်မှုဟာ နောက်ဆုတ်စရာမရှိတဲ့ စည်းဖြစ်ပြီး ဒါဟာ ဘယ်သူကပဲ အသိအမှတ် ပြုပြု၊ မပြုပြု ငြင်းပယ်လို့မရတဲ့ လက်တွေ့ အရှိတရားပဲ ဖြစ်ပါ တယ်”ဟု ထုတ်ပြန်ချက်တွင် ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ကင်မ်ယိုဂျုံ၏ ယခုထုတ်ပြန်ချက်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ဇွန်လ ၈ မှ ဇွန်လ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားသည့် မြောက်ကိုရီးယားခရီးစဉ် မတိုင်မီ တစ်ရက်အလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက ပေကျင်း (Bejing) မြို့တော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီတို့ တွေ့ဆုံခဲ့သည့် ထိပ်သီး အစည်းအဝေးအတွင်း မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်း ရေး ရည်မှန်းချက်ကို အတည်ပြုခဲ့ကြောင်း အမေရိကန်၏ ပြောကြားချက်များအပေါ် ကင်မ်ယိုဂျုံက ငြင်းဆိုခဲ့ သည်။
ထရမ့်နှင့် ရှီတို့သည် မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား ဖျက်သိမ်းရေးဆိုင်ရာ ၎င်းတို့၏ ဘုံရည်မှန်းချက်ကို အတည်ပြုခဲ့ကြသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သော်လည်း ထိုထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း ကင်မ်ယိုဂျုံက တုံ့ပြန်ခဲ့သည်။
“အမေရိကန် အရာရှိတချို့က အဖြစ်မှန်ကို ရှောင်လွှဲချင်ပြီး ခေတ်နောက်ကျနေတဲ့ သူတို့ရဲ့ အိပ်မက်တွေထဲကနေ အခုထက်ထိ နိုးမလာသေးပါဘူး။ ဒါဟာ အမေရိကန်ရဲ့ အကျင့်လိုဖြစ်နေတဲ့ သတင်းမှား ဖြန့်ဝေမှုတစ်ခုပဲ ဖြစ်ပါ တယ်” ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။
Source: Korea Times
