CNI International News

ဆိုးလ်၊ မတ်လ ၂၁

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းတွင် တောင်ကိုရီးယားသို့ ပဲ့ထိန်းဒုံးကျည်ဖြင့် နျူကလီးယားတိုက်ခိုက်မှု လုပ် ဆောင်သည့် ပုံစံမျိုး ဖန်တီးလေ့ကျင့်ခဲ့သည်ဟု မြောက်ကိုရီးယားမှပြောကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုလေ့ကျင်မှုက အမေရိကန်-တောင်ကိုရီးယားတို့၏ အင်အားအကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်ရေး အ တွက် ယခုလအတွင်း ပြုလုပ်ခဲ့သော မြောက်ကိုရီးယား၏ ၅ ကြိမ်မြောက် လက်နက်စမ်းသပ်မှုလည်း ဖြစ်သည်။

ရန်သူများ၏ ရန်လိုမှုနှင့် ရင်ဆိုင်ရချိန်တွင် နျူကလီးယားတပ်ဖွဲ့၏ အဆင်သင့် ဖြစ်မှုကို မြှင့်တင်ထားရေး စစ်ရေး လေ့ကျင့်မှုများ ပိုမိုလုပ်ဆောင်ထားရန် မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်က စစ်တပ်အား ညွှန်ကြားထား သည်ဟု နိုင်ငံပိုင်သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်နေစဉ်

မြောက်ကိုရီးယားမှ တနင်္ဂနွေနေ့တွင် တာတိုပစ် ဒုံးကျည်တစ်စင်းကို အရှေ့ဘက် ကမ်းလွန် ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ကြောင်း သတိပြုမိခဲ့သည်ဟု တောင်ကိုရီးယားနှင့် ဂျပန်စစ်တပ်များက ထုတ်ပြန်ထားသည်။

ထို့နောက် နာရီပိုင်းအကြာတွင် အမေရိကန်၏ B-1B ဗုံးကြဲလေယာဉ်များသည် စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ရန် အတွက် တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုများသည် ၎င်းတို့အပေါ် ကျူးကျော်ရန် ကြိုတင်ပြင်ဆင် မှုများဟု မြောက်ကိုရီးယားဘက်က ရှုမြင်ထားသော်လည်း စစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေးအတွက်သာ ရည်ရွယ်သည်ဟု မဟာမိတ်များက ပြောသည်။

မြောက်ကိုရီးယားသည် စစ်ရေးလေ့ကျင့်မှုများကို ၎င်းတို့၏ လက်နက်စမ်းသပ်ရေး စီမံကိန်းများအတွက် အသုံးချ နေသည်ဟုလည်း လေ့လာသူတစ်ချို့က သုံးသပ်သည်။

ဗုံးကြဲလေယာဉ်တွေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်

စမ်းသပ်ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် ကီလိုမီတာ ၈၀၀ ခန့် ပျံသန်းကာ ယင်းတွင် နျူကလီးယား ထိပ်ဖူးအတု တပ်ဆင်ထားသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြသည်။

ဒုံးကျည်သည် ပစ်မှတ်ဟု သတ်မှတ်ထားသော ရေပြင်အထက် မီတာ ၈၀၀ မှ နေရာအား အောင်မြင်စွာ ထိမှန်ခဲ့ သည်ဟု သတင်းတွင် ဖော်ပြသည်။ ဒုံးကျည်၏ နျူကလီးယား ဖောက်ခွဲမှုထိန်းချုပ်ရေး ကိရိယာများနှင့် ထိပ်ဖူး များ၏ ယုံကြည်စိတ်ချရမှုအပေါ် ထပ်မံ အတည်ပြုမှုလည်း ဖြစ်သည်။

တနင်္ဂနွေနေ့ ပစ်ခတ်မှုသည် နှစ်ရက်ကြာ လေ့ကျင့်မှု၏ နောက်ဆုံး အဆင့်ဖြစ်ကာ မြောက်ကိုရီးယားနိုင်ငံအား စစ်ပြုရန် ကြိုးပမ်းနေသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့အား ပြင်းထန်စွာ သတိပေးချက်ဖြစ်သည်ဟု လည်း KCNA သတင်းတွင် ဖော်ပြသည်။

KCNA မှ ထုတ်ပြန်သော ဓာတ်ပုံများ၌ တောထဲတွင် လမ်းလျှောက်နေသော ကင်မ်ဂျုံအန်၊ သမီးဖြစ်သူနှင့် စစ်တပ် အရာရှိများကို သာမက သစ်တောတွင်းမှ ပျံတက်လာသည့် တာတိုပစ် နျူကလီးယားဒုံးကျည် တစ်ခုကိုလည်း မြင်တွေ့ခဲ့ရသည်။

Source: AP