CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၄

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk-yeol) သည် မြောက်ကိုရီးယားအပေါ် ထားရှိသည့် ၎င်း၏ မဟာဗျူဟာများမှတဆင့် တောင်ကိုရီးယားကို နျူကလီးယားစစ်ပွဲ အန္တရာယ်နှင့် ရင်ဆိုင်စေရန် လုပ်ဆောင်နေ သည်ဟု မြောက်ကိုရီးယားက နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည့် စက္ကူဖြူစာတန်း၌ ဖော်ပြခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ရန်သူ့နိုင်ငံလေ့လာရေးအင်စတီကျုက ရေးသားပြုစုခဲ့သည့် ထိုစက္ကူဖြူစာတန်းတွင် စစ်ပွဲနှင့် ပတ်သက်ပြီး ယွန်း၏ အဆင်အခြင်မရှိသော မှတ်ချက်စကားများကို ဝေဖန်ခဲ့သည်။

ထို့ပြင် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးပါ အချက်အလက်များကို စွန့်ပစ်မှု၊ အမေရိကန်နှင့် ပူးပေါင်းပြီး နျူကလီးယားစစ်ပွဲ ပြင်ဆင်နေမှု၊ ဂျပန်၊ နေတိုးအဖွဲ့တို့နှင့် ဆက်ဆံရေးနီးစပ်ရန် ကြိုးပမ်းနေမှုအတွက်လည်း မြောက်ကိုရီးယားက ယွန်းကို ဝေဖန်ခဲ့သည်။

တောင်ကိုရီးယား၏ ပိုမိုဆိုးရွားလာသည့် စစ်ရေး လှုပ်ရှားမှုများသည် မြောက်ကိုရီးယားကို နျူကလီးယား လက်နက်များ တိုးမြှင့်ထုတ်လုပ်ရသည့် အခြေအနေသို့ တွန်းပို့ရာရောက်ခဲ့ပြီး မိမိတို့၏ နျူကလီးယား စွမ်းဆောင်ရည်အား မြှင့်တင်ရသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု စက္ကူဖြူစာတန်းတွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်

ကွန်ဆာဗေးတစ်ဝါဒီ တစ်ဦးဖြစ်သည့် ယွန်းသည် မြောက်ကိုရီးယားအပေါ် သဘောထား တင်းမာသူဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကို ဝေဖန်သူဖြစ်သည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားအား စစ်ရေး အကူအညီနှင့် စစ်သားများ ထောက်ပံ့ပေးမှု၊ လက်နက် စမ်းသပ်မှုတို့ကြောင့် တင်းမာမှုများကို မြင့်တက်စေခဲ့ကြောင်း ယွန်း၏ အစိုးရအဖွဲ့က ပြောကြားခဲ့ သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ရန်လိုသည့် ရန်သူနိုင်ငံအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ဖော်ပြခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာမှုမြင့်တက်ခဲ့သည်။

ထို့ပြင် ယခုနှစ် အစောပိုင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) က တောင်ကိုရီးယား ကို မြောက်ကိုရီးယား၏ အဓိကရန်သူအဖြစ် ကြေညာခဲ့ပြီး ပြန်လည်ပေါင်းစည်းရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။

Source: South China Morning Post