CNI International News

ဆိုးလ်၊ ဖေဖော်ဝါရီ ၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်သည် စစ်ပွဲအတွက် ပြင်ဆင်မှုများကို တိုးမြှင့်ရန် တိုက်တွန်းနေချိန် တွင် မြောက်ကိုရီးယားသည် ဖေဖော်ဝါရီ ၂ ရက်က ပင်လယ်အတွင်းသို့ ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ အနောက်ဘက် ပင်လယ်အတွင်းသို့ ဒုံးကျည်များ ပစ်လွှတ်မှုကို အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်မှ လေ့လာနေကြောင်း တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်သည် ခရုဇ်ဒုံးကျည်များ ပစ်ခတ်မှုကို ထောက်လှမ်း သိရှိခဲ့သော်လည်း ဒုံးကျည်မည်မျှ ပစ်လွှတ်ခဲ့သည်ဆိုခြင်းနှင့် ဒုံးကျည်များပျံသန်းသည့် အကွာအဝေးကိုမူ မသိရသေးကြောင်း JCS က ထုတ်ပြန်ခဲ့ သည်။

ထိုဒုံးကျည် ပစ်လွှတ်မှုများသည် ၂၀၂၄ ခုနှစ်အတွင်း မြောက်ကိုရီးယား၏ စတုတ္ထအကြိမ်မြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်မှုဖြစ်သည်။

တောင်ကိုရီးယားစစ်ပွဲ စစ်ရေးလေ့ကျင့်နေစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က နမ်ဖို (Nampho) သင်္ဘောကျင်းသို့ သွားရောက်ပြီး ရေတပ်၏ စီမံကိန်း များကို စစ်ဆေးခဲ့သည့် ခရီးစဉ်အတွင်း ရေတပ်အင်အားကို မြှင့်တင်ရန် တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ခရုဇ်ဒုံးကျည်များ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ ခြိမ်းခြောက်မှုများ မြင့်တက်နေသဖြင့် ထိုခြိမ်းခြောက်မှုများကို တန်ပြန်ရန် နျူကလီးယား လက်နက်တပ်ဆင်သည့် ရေတပ်ကို ထူထောင်ရန် မကြာသေး မီလများအတွင်း ကင်မ်က ပြောကြားခဲ့သည်။

ကင်မ်သည် မည်သည့်အချိန်က နန်ဖိုသင်္ဘောကျင်းသို့ သွားရောက်ခဲ့သည်ဆိုခြင်းကိုမူ KCNA က အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိဘဲ ထိုခရီးစဉ်အတွင်း မြောက်ကိုရီးယား၏ ပင်လယ်ရေကြောင်းဆိုင်ရာ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် စစ်ပွဲအတွက် ပြင်ဆင်မှုများကို အရှိန်မြှင့်တင်ရန် ရေတပ်ကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

နမ်ဖိုသင်္ဘောကျင်းတွင် မည်သည့် စစ်သင်္ဘော အမျိုးအစားများ တည်ဆောက်နေသည်ဆိုခြင်းကိုလည်း KCNA က ဖော်ပြခဲ့ခြင်း မရှိသော်လည်း ၂၀၂၁ ခုနှစ်က အာဏာရပါတီ ညီလာခံအတွင်း ချမျတ်ခဲ့သည့် ငါးနှစ်သက်တမ်း စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်တင်ရေး အစီအစဉ်နှင့် ဆက်နွှယ်မှုရှိကြောင်း ဖော်ပြခဲ့သည်။

ကင်မ်သည် ၂၀၂၁ ခုနှစ် အာဏာရပါတီ ညီလာခံအတွင်း နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ၊ ရေအောက်မှ ပစ်လွှတ်နိုင်သည့် နျူကလီးယား ဒုံးကျည်များ အပါအဝင် ခေတ်မီ စစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်လိုသည့် ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။

Source: အေပီ