CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၃

အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာ သွားလာခွင့်အစီအစဉ် (FMR)အား ဖျက်သိမ်းလိုသည့် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ကူကီးခေါင်းဆောင်များအသင်း Tengnoupal (KCA-T) နှင့် မဏိပူရ (Manipur) ပြည်နယ် နာဂ ကျောင်းသားများအသင်း (ANSAM) တို့က ကန့်ကွက်ခဲ့ကြောင်း Northeast Now မှ ဖော်ပြခဲ့သည်။

အိန္ဒိယ၏ မြောက်ဘက် မဏိပူရပြည်နယ်ရှိ ထိုအဖွဲ့နှစ်ဖွဲ့စလုံးက အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးကာမည့် အဆိုပြုချက်ကိုလည်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

ပြည်သူလူထု၏ ပြင်းထန်သည့် ဆန့်ကျင်ကန့်ကွက်မှုများအရ နယ်စပ်ခြံစည်းရိုး တည်ဆောက်မှုသည် စိုးရိမ်ပူပန်မှု များကို မြင့်တက်စေရုံသာမက ကူကီးလူမျိုးစုအတွင်း နက်ရှိုင်းသည့် စိုးရိမ်မှုများကို ဖြစ်စေနိုင်သည်ဟု KCA-T က ထုတ်ပြန်ခဲ့သည်။

ထိုလုပ်ဆောင်မှုများသည် ဒီမိုကရေစီ၏ စံတန်ဖိုးများကို သစ္စာဖောက်ခြင်းဖြစ်ပြီး၊ လူထု၏ စည်းလုံးညီညွတ်သည့် အသံကို လျစ်လျူရှုကာ ဒီမိုကရေစီ စည်းကမ်းများ၏ အနှစ်သာရကို လျော့ပါးစေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် မြန်မာအကြား နယ်စပ်စည်းရိုး တည်ဆောက်မှုသည် နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သည့် ကူကီး လူများများ၏ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာ အခွင့်အရေးများကို ခြိမ်းခြောက်နေကြောင်းလည်း KCA-T က ပြောကြားခဲ့သည်။

ထိုကဲ့သို့ တစ်ဖက်သတ်ဆန်ပြီး အနိုင်ကျင့်ဗိုလ်ကျသည့် အားထုတ်ကြိုးပမ်းမှုများသည် ပြည်သူလူထုကို မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်ပေးရာရောက်ပြီး ဒေသတွင်း တည်ငြိမ် အေချမ်းမှုကိုကြီးမားစွာ ခြိမ်းခြောက် နေကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန် ထိုအစီအစဉ်များကို ပြန်လည် စဉ်းစား သုံးသပ်ရန် တိုက်တွန်းကြောင်း KCA-T က ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း ANSAM ကိုယ်စားလှယ်အဖွဲ့သည် မဏိပူရပြည်နယ်အုပ်ချုပ်ရေးမှူး အနူဆူရိယ အူဝီကီ (Anusuiya Uikey) နှင့်တွေ့ဆုံပြီး FMR ဖျက်သိမ်းရေး ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယပြည်ထဲရေး ဝန်ကြီး အမစ်ရှား (Amit Shah) ထံသို့ အမှာစာ တင်သွင်းခဲ့သည်။

Source: Northeast Now