CNI International Article

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂

ကိုလံဘီယာနှင့် မက္ကဆီကို နိုင်ငံများရှိ မူးယစ်ဆေးဝါးဂိုဏ်းများ၏ အနိမ့်အမြင့်၊ အတက်အကျ အခြေအနေများကို ရိုက်ကူးထားသည့် Narcos ရုပ်ရှင်စီးရီးကဲ့သို့ မူးယစ်ဆေးဝါး လုပ်ငန်းများ၏ ကြောက်မက်ဖွယ် ဖြစ်ရပ်များ၊ ဘဝ ပျက်ရသည့် အခြေအနေများနှင့် သေဆုံးရသည့် အခြေအနေများကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်စီးရီးမျိုး မရှိသေးပေ။

Narcos ရုပ်ရှင် ပရိုဂျူဆာများအနေဖြင့် မြန်မာနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်များ အထူးသဖြင့် မဏိပူရ ပြည်နယ်ရှိ မူးယစ်ဆေးဝါး လုပ်ငန်းများကို အာရုံစိုက်လေ့လာပြီး အောင်မြင်မှုများစွာဖြင့် အပြီးသတ် ရိုက်ကူး နိုင်ခဲ့သည့် ရုပ်ရှင်ဇာတ်လမ်းတွဲကို ဆက်လက် ရိုက်ကူးနိုင်မည်ဖြစ်သည်။ 

Narcos ရုပ်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းရေး ဆရာများသည်လည်း Narcos Manipur ဟူသည့် အမည်ဖြင့် ရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခုကို ရေးသားနိုင်ပြီး မူးယစ်ဆေးဝါး လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများကြောင့် အကြမ်းဖက်မှုများ မြင့်တက်လာသည့် အခြေအနေကို ရှာဖွေ၍ ဇာတ်လမ်းတစ်ခု ဖန်တီးနိုင်မည်ဖြစ်သည်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က မူးယစ်ဆေးများကို ဖမ်းမိစဉ်

မူးယစ်ရာဇာများ၏ အခန်းကဏ္ဍ၊ ဒေသခံတွင်း မူးယစ်ရာဇာများ၊ နိုင်ငံတကာ မူးယစ်ရာဇာများနှင့် နိုင်ငံရေးသမား များအကြား ဆက်နွှယ်မှု၊ တရားဥပဒေစိုးမိုးရေး အေဂျင်စီများ၏ လစာ စာရင်း၊ အခြေခံ လူတန်းစားများ မသိရ သည့် ဖုံးကွယ်ခံထားရသော မူးယစ်ဆေးဝါး လုပ်ငန်းများ၏ ပကတိ အခြေအနေကို ဖော်ထုတ်နေသည့် မီဒီယာ များအကြောင်းကို ရုပ်ရှင်တစ်ကားအဖြစ် ပုံဖော်ရိုက်ကူးနိုင်မည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က အိန္ဒိယနိုင်ငံ ခက်ချင်း (Kakching) ခရိုင်မှ ရဲကွန်မန်ဒိုတပ်ဖွဲ့သည် အဆိုပါ ခရိုင် အတွင်းရှိ ရဲကွန်မန်ဒို ငါးဦးကို ဖမ်းဆီးခဲ့ပြီး ၁ ဒသမ ၁၄ ကီလိုဂရမ် အလေးချိန်ရှိ ဘိန်းဖြူများနှင့် ထောင်နှင့်ချီ သည့် ရာမဆေးပြားများကို သိမ်းဆည်းရမိခဲ့သည်။ (ရာမကို မူးယစ်ဆေးဝါးလောကတွင် "ကမ္ဘာကြီးက မင်းအပိုင်" (World is Yours) - အတိုကောက်စကားလုံးအဖြစ် WY ဟုလည်း လူသိများသည်။)

ဖမ်းဆီးခံခဲ့ရသည့် ရဲကွန်မန်ဒိုများသည် ရဲယူနီဖောင်း ဝတ်ဆင်ထားပြီး သေနတ်များကို ကိုင်ဆောင်ထားကြကာ ရဲကားကို အသုံးပြုပြီး မူးယစ်ဆေးဝါးများအား သယ်ယူပို့ဆောင် ခဲ့ကြခြင်းဖြစ်သည်။ 

မဏိပူရ ပြည်နယ်အစိုးရနှင့် အိန္ဒိယဗဟိုအစိုးရက စတင်ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲစတင် ခဲ့ချိန်ကတည်းက ရာနှင့်ချီသည့် ဘိန်းခင်းများ ဖျက်ဆီးခံခဲ့ရသည်။

အူခရူ (Ukhrul)၊ စီနာပါတီ/သေနာပတိ (Senepati)၊ ကန်ပေါ့ပီ (Kangpokpi)၊ ကမ်ဂျွန် (Kamjong)၊ ချူရာချန်ပူရ (Churachandpur) နှင့် တန်နျူပယ် (Tengnoupal) ခရိုင်များရှိ တောင်ကုန်းဒေသများမှ ဘိန်းခင်းများသည် အဓိက ပစ်မှတ်ထားပြီး ဖျက်ဆီးခံခဲ့ရသည်။

ဘိန်းဖြူကိုတွေ့ရစဉ်

အစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အကြား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ် သော ဆေးဝါးများ (NDPS) အက်ဥပဒေအောက်တွင် လူပေါင်း ၂၅၁၈ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက် ကူကီး-ချင်း (Kuki-Chin) လူမျိုးစု ၈၇၃ ဦးသာ ပါဝင်ခဲ့ပြီး ၁၀၈၃ ဦးသည် မွတ်ဆလင်များဖြစ်ကာ ၃၈၁ ဦးသည် ကသည်း (Meiteis) နှင့် ကျန် ၁၈၁ ဦးသည် အခြား လူမျိုးစုများ ဖြစ်သည် ဟု သိရသည်။ 

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး ကုန်ကူးမှုကို ခြေရာခံလိုက်နေသည့် ထောက်လှမ်းရေး အရာရှိများက ၎င်းတို့၏ တွေ့ရှိချက် သတင်းများအား အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးသို့ တင်ပြရာတွင် မဏိပူရ ပြည်နယ်တွင် မူးယစ်ဆေးဝါး လုပ်ငန်းသည် ရူပီး ကုဋေ ၇၀၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်ကလည်း မဏိပူရ ပြည်နယ်ရှိ သကြားထုတ်လုပ်ရေး ဓာတ်ခွဲခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာတွင် မူးယစ်ဆေးဝါး ၄၃၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သည်။ 

မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေချိန်၌ မူးယစ်ဆေးဝါး ဂိုဏ်းများသည် အခြားနိုင်ငံများသို့ ဝင်ရောက်ရန် လမ်းကြောင်းအသစ်များ ရှာဖွေနေပြီး မဏိပူရနှင့် အခြား အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များ သည် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေး မှောင်ခိုကူးမှုအတွက် ခရီးတစ်ထောက်နားသည့် လမ်းကြောင်းများ ဖြစ်လာခဲ့ သည်။

မဏိပူရသည် မြန်မာနှင့် နယ်စပ်ချင်း ၃၈၉ ကီလိုမီတာ ထိစပ်နေမှုနှင့်အတူ အိန္ဒိယ၏ အရေးကြီးသည့် နယ်စပ် ပြည်နယ်တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ထိန်းခဲ့ပြီးကတည်းက အိန္ဒိယနှင့် မြန်မာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်များ အဆမတန် မြင့်တက်ခဲ့သည်။ 

ပြင်ဆင်မှုများ၊ သယ်ယူပို့ဆောင်မှုများတွင် လွယ်ကူအဆင်ပြေမှု၊ အခြေခံ အဆောက်အအုံ မလိုအပ်မှု၊ ပိုမိုများပြား သည့် ဈေးကွက်များကို ဆွဲဆောင်နေသည့် ကုန်ကျစရိတ် သက်သာမှုများကြောင့် ဓာတုမူးယစ်ဆေးဝါးများသည် ဘိန်းခင်းများမှ ထွက်ရှိသည့် ဘိန်းဖြူများနှင့်အတူ မြန်မာနှင့် မဏိပူရတွင် တစ်စထက်တစ်စ  ပိုမိုကျယ်ပြန့် လာခဲ့ သည်။

ဘိန်းနှင့် ဓာတု မူးယစ်ဆေးဝါးများအတွက် အကြီးဆုံး ဈေးကွက်များထဲမှ တစ်ခုမှာ အိန္ဒိယဖြစ်သည်။ အိန္ဒိယနှင့် မြန်မာအကြား ထိစပ်နေသည့် နယ်စပ်များမှတစ်ဆင့် မူးယစ်ဆေးဝါးများ အလွယ်တကူ မှောင်ခိုတင်သွင်း နိုင် သည်။

အိန္ဒိယ-မြန်မာနယ်စပ်မှ မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းသည့် အဓိကလမ်းကြောင်းများမှာ မဏိပူရပြည်နယ်၏ မိုရေး (Moreh)မြို့၊ နယူး ဆွမ်တယ် (New Somtal) မှ ဆူဂနူ (Sugnu) မြို့၊ ခိုင်မန် (Kheiman) မြို့မှ ဘဟီအန် (Behiang) မြို့နှင့် နောက်ဆုံးတွင် ဆွမ်ရာ (Somreh) မြို့သို့ ရောက်ရှိခြင်းဖြစ်သည်။

ရေကြောင်းမှ တစ်ဆင့် မူးယစ်ဆေးဝါးများ တင်ပို့သည့် လမ်းကြောင်းများအတွင်း ဘင်္ဂလားဒေ့ရှ်၏ ကော့ဘဇား (Cox Bazar) မှ မြန်မာ၊ မြန်မာမှ တစ်ဆင့် အိန္ဒိယသို့  တင်ပို့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးဂိုဏ်းများကို ခြေရာခံစုံစမ်းနေသည့် ထောက်လှမ်းရေး အရာရှိများကမူ မြန်မာနိုင်ငံမှ မူးယစ် ဆေးဝါးများ အိန္ဒိယသို့ တင်သွင်းမှုသည် လွယ်ကူလွန်းနေသည်ဟု ပြောကြသည်။

မြန်မာ (တမူး)- အိန္ဒိယ(မိုရေး) နယ်စပ်ကို တွေ့ရစဉ်

အိန္ဒိယသို့ မှောင်ခိုတင်သွင်းသည့် မူးယစ်ဆေးဝါး စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ပြီး ဘိန်းနှင့် ဘိန်းဖြူမှအစ စိတ်ကိုပြောင်းလဲစေတတ်သည့် အမ်ဖက်သမင်း (amphetamine) အမျိုးအစား စိတ်ကြွဆေးများ လည်း ပါဝင်နေသည်ဟု ထောက်လှမ်းရေး အရာရှိများက ခန့်မှန်းခဲ့သည်။

မိုရေးမြို့သည် အရှေ့အာရှနှင့် အိန္ဒိယ၏ နယ်မြေချင်း ချိတ်ဆက်မှုရှိနေသည့် မဏိပူရပြည်နယ်၏ နယ်စပ်မြို့ငယ် လေး ဖြစ်သည်။ 

သို့သော် မကြာသေးမီ နှစ်များအတွင်း မိုရေးမြို့သည် တောင်အာရှ၏ မူးယစ်ဆေးဝါးများ မှောင်ခိုကူးသည့် လမ်းကြောင်းအများဆုံး နေရာများထဲတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက မိုရေးမြို့တွင် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတစ်ဦး ပိုင်ဆိုင်သည့် နေအိမ် တစ်လုံးအတွင်းမှ ရူပီး ကုဋေ ၅၀၀ တန်ကြေးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုဖြစ်စဉ် မတိုင်မီကတည်းက မူးယစ်းဆေးဝါး ဂိုဏ်းများသည် မဏိပူရနှင့် နာဂလန်း (NagalandI) ပြည်နယ်တို့ရှိ တောင်ကုန်းဒေသများတွင် ဘိန်းခင်းများကို စိုက်ပျိုးခဲ့သည်။

ဘိန်းစိုက်ပျိုးမှုသည် အခြားကောက်ပဲ သီးနှံများထက် ပိုမိုအကျိုးအမြတ်ရသဖြင့် ဘိန်းခင်းများသည် လယ်သမား များကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။
မဏိပူရပြည်နယ်၏ မူးယစ်ဆေးဝါး လုပ်ငန်းများသည် ဓာတုမူးယစ်ဆေးဝါးများ အများဆုံး ပါဝင်နေသည်။ 

ထိုပြည်နယ်၏ မူးယစ်ဆေးဝါး လုပ်ငန်းစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းမှာ ဓာတုမူးယစ်ဆေးဝါးများဖြစ်ကာ ဘိန်းနှင့် ဆက်စပ်သည့် မူးယစ်ဆေးဝါးများက ၃၀ ရာခိုင်နှုန်းနှင့် ဆေးခြောက် ၁၀ ရာခိုင်နှုန်း ပါဝင်သည်။

မဏိပူရပြည်နယ်နှင့် မီဇိုရမ် (Mizoram) ပြည်နယ်များတွင် တရားမဝင်နေထိုင်သည့် ချင်းလူမျိုးများသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု ပိုမိုလွယ်ကူစေသည့် မူးယစ်ဆေးဝါး ကွန်ရက်နှင့် ဆက်နွှယ်မှု ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ချင်းပြည်နယ်၏ ဘိန်းထုတ်လုပ်မှု ၁၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းသည် အိန္ဒိယအတွက် အန္တရာယ်ကြီးမား နိုင်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၃ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မဏိပူရ၏ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရန် ထိုပြည်နယ်အတွင်းရှိ တောင်ကုန်များပေါ်မှ မြေနေရာများကို ထိန်းချုပ်ရန်ဖြစ်သည်။ 

ထိုပြဿနာသည် ဟိန္ဒူနှင့် ခရစ်ယာန်များအကြား ဘာသာရေး စိတ်ဝမ်းကွဲစေသည့် ပြဿနာမဟုတ်ပေ။ မဏိပူရ ၏ တောင်ကြားများနှင့် တောင်ကုန်းဒေသများပေါ်ရှိ ရူပီး ကုဋေ ၇၀၀၀၀ တန်ကြေးရှိသည့် မူးယစ်ဆေးဝါး လုပ်ငန်းများကို ထိန်းချုပ်ရမည့် ပြဿနာဖြစ်သည်။ 

လူတိုင်းသည် အပြစ်ကင်းစင်သည့် သူတော်စင်များ မဟုတ်ပေ။ ထို့ကြောင့် မဏိပူရတွင် နေထိုင်သည့် ကသည်း၊ ကူကီး-ချင်းနှင့် နာဂလူမျိုးများသည်လည်း အကျိုးအမြတ်များစွာ ရရှိသည့် မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ပါဝင် ပတ်သက်ခဲ့ကြခြင်း ဖြစ်ပေသည်။

Source: goachronicle.com