အိန္ဒိယ၊ မဏိပူရ-မြန်မာ တိုက်ရိုက်လေကြောင်း စတင်မည်

CNI International News

ဂူဝါဟာတီ (အာသံ)၊ နိုဝင်ဘာ ၂၉

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ၌ လေကြောင်းသွားလာရေး အဆင့်မြှင့်တင်မှုအနေဖြင့် မဏိပူရပြည်နယ်ရှိ အင်ဖာလေဆိပ်နှင့် ထရွိုင်ပူရရှိ အာဂါတာလာလေဆိပ်တို့မှ နိုင်ငံတကာလေကြောင်း ခရီးစဉ်များ မကြာမီ စတင် တော့မည်ဖြစ်သည်။

ထို့နောက် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့နှင့် လေကြောင်းလိုင်း ပြေးဆွဲပျံသန်း သွားမည်ဖြစ်ကြောင်း Northeast Now သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

မဏိပူရပြည်နယ်၊ အင်ဖာလေဆိပ်အ၀င်ကိုတွေ့ရစဉ်

အာရူနာချာပရာဒေ့ရှ်ပြည်နယ်ရှိ ဂရင်းဖီးလ်လေဆိပ်၊ ဒိုနီပိုလိုလေဆိပ်တို့မှ ပထမဆုံး လေကြောင်း ပျံသန်းသည့် အခမ်းအနားတွင် အိန္ဒိယအစိုးရ၊ အရပ်ဘက် လေကြောင်းဆိုင်ရာဝန်ကြီး Jyotiraditya Scindia က အိန္ဒိယ အရှေ့မြောက် ပြည်နယ်နှစ်ခုမှ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သို့ လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲ ပျံသန်းသွား မည်ဟု နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

၎င်းအစိုးရအနေဖြင့် အရှေ့မြောက်ဒေသတွင် လေကြောင်း ဆက်သွယ် သွားလာနိုင်ရေး တိုးချဲ့လုပ်ဆောင်နေ ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

ဒိုနီပိုလီလေဆိပ်ကိုတွေ့ရစဉ် (GETTY IMAGES)

အိန္ဒိယနိုင်ငံ၊ အင်ဖာလေဆိပ်မှ မြန်မာနိုင်ငံ၊ မန္တလေးလေဆိပ်သို့ လေကြောင်းခရီးစဉ်များနှင့် အာဂါတာလာ လေဆိပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း လေဆိပ်မြို့များသို့ ဒေသတွင်း နိုင်ငံတကာ လေကြောင်း ချိတ်ဆက်မှု တိုးချဲ့သည့် တစိတ်တပိုင်းအဖြစ် မကြာမီ စတင် ပျံသန်းသွားတော့မည်ဟု ဝန်ကြီး Scindia က ထပ်လောင်း ပြောကြားခဲ့သည်။

ယခုနှစ် အခြေအနေကို ၂၀၁၃-၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အိန္ဒိယအရှေ့မြောက်ဒေသအတွက် လေဆိပ် ၁၆ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဟု ၎င်းက ရှင်းပြသည်။

အာရူနာချာပရာဒေ့ရှ်ပြည်နယ်၊ အီတန်နာဂါဒေသ၊ ဟိုလိုနဂီမြို့ရှိ ဒိုနီပိုလိုလေဆိပ် ဖွင့်လှစ်သည့် အခမ်းအနားကို ယခုလ နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့ရာ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

Source: Northeast Now