CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉

မြန်မာပြည်ကို လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံဖြစ်ပါက ပြည်တွင်း ရေးကို မစွက်ဖက်ရန် တင်ပြမည်ဟု UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်း ဌာနသို့ ပြောသည်။

မကြာမီ ရက်ပိုင်းတွင် မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်က တတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းအိုက်ပေါင်းက “ကျနော်တို့မှာ မတွေ့ရတာ တွေ့ရရင်တော့ စိတ်ထဲမှာ ရှိတဲ့ဟာ ပြောလိုက်မှာပေါ့။ တွေ့လို့ရှိ ရင် ပြောလိုက်မှာပဲ ခင်ဗျားတို့ ကျနော်တို့ ပြည်တွင်းရေးကို သိပ်ပြီးတော့ မဝင်စွက်ပါနဲ့ဗျာ၊ ကျနော်တို့ နိုင်ငံက လွတ်လပ်ရေးရတဲ့ နိုင်ငံဗျ၊ အချုပ်အခြာပိုင်တဲ့ နိုင်ငံဗျ၊ ခင်ဗျားတို့နိုင်ငံကို ကျနော်တို့ ဝင်ဝင်ပြီးတော့ စွက်ရင် ခင်ဗျားတို့ သဘောကျလားလို့ အဲဒီတစ်ချက်ပဲ ကျနော်မေးလိုက်ဦးမယ်ဗျာ၊ ကျနော်တော့ အဲဒီလိုမျိုး မေးချင်တယ်၊ ပြင်သစ်သံအမတ်ကြီးကိုလည်း ကျနော်ပြောလိုက်သေးတယ်၊ ဟိုတလောက ကျနော်ကို လာတွေ့တာ၊ ခင်ဗျား လာလာပြီးတော့ ကျနော်တို့ ခင်ဗျားအိမ်ထောင်ရေးမှာ တစ်ခြားအိမ်ထောင်တစ်ခုက ခင်ဗျားကို လာစွက်ဖက်လို့ ခင်ဗျားကြိုက်မလားဗျာ၊ ဒါပဲ ရှင်းရှင်းပဲ။ အိမ်ထောင်ရေးနဲ့ပဲ တွက်လိုက်ဗျာ၊ ခင်ဗျားမိသားစု၊ ခင်ဗျားအိမ်ထောင် ရေးကိစ္စကို ဘေးက အိမ်တွေက လာလာပြီးတော့ ဟိုဟာလုပ်လေ၊ ဒီဟာလုပ်လေ၊ လာပြောရင် ခင်ဗျားနဲ့ ဘာဆိုင် လို့လည်း ပြောလိုက်ရမှာပေါ့။ ဟုတ်တယ်မလား။ ဒါက လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဗျ၊ ဟိုဟာ မလုပ်နဲ့ ဒီဟာလုပ်ပါ၊ ဒီဟာလုပ်ပါ လာပြီးတော့ ဆရာ မလုပ်နဲ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပရတ်ဆိုခွန်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ဒုတိယအကြိမ် မြောက် လာရောက်စဉ်က နိုင်ငံရေးပါတီတချို့နှင့်တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် အာဆီယံအထူးကိုယ်စားလှယ် လာရောက်မည်ကို သိရှိထားကြောင်း သို့သော်လည်း မိမိတို့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ရှိ/မရှိကို မသိရှိရသေးကြောင်း USDP မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ အဲဒါနဲ့ ပတ်သက်လို့ကတော့ လာမယ်ဆိုတာတော့ ကျနော်တို့ သိတယ်ခင်ဗျ၊ သိပြီးတော့ ကျနော်တို့ပါတီနဲ့ တွေ့မယ် မတွေ့ဘူး။ ရှိတယ်မရှိဘူး။ အစီအစဉ်တွေ ကျနော်တို့ ဘာမှ မသိသေးပါဘူး။ မသိသေး တဲ့အတွက်ကြောင့် လောလောဆယ် မဖြေနိုင်သေးပါဘူး” ဟု ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လက အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ အပါအဝင် နစက၏ နိုင်ငံ ခြားရေးဝန်ကြီး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)နှင့် နိုင်ငံရေးပါတီအချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုထား ပြီး နစကဘက်ကလည်း လာမည့် မြန်မာပြည် ခရီးစဉ်မှာ တွေ့ခွင့်ပေးမည်ဟု ကတိပြုထားကြောင်း ပရတ်ဆိုခွန် က ပြောကြားထားသည်။