CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁
တပ်မတော်ကို မြန်မာ့နိုင်ငံရေးကနေ ဆုတ်ခွာဖို့ တောင်းဆိုမှုများ ရှိနေသော်လည်း နိုင်ငံရေးအရ သဘောတူညီ ချက်များ အရင်ရအောင် ယူထားနိုင်မှသာ လက်တွေ့အကောင်အထည် ဖော်နိုင်မည် ဖြစ်သည့်အတွက် မည်သည့် သဘောတူညီချက်များ ရယူထားသင့်လဲဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေးသမားများကြားတွင် ဆွေးနွေးငြင်းခုံ လျက်ရှိ နေသည်။
တပ်မတော်နှင့် အရပ်ဖက် ဆက်ဆံရေး ပုံမှန်အခြေအနေဖြစ်ရန် ကြိုးစားပြီး တပ်မတော်ကို နိုင်ငံရေးမှ ဆုတ်ခွာ ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် ၁၉၆၂ ကတည်းက ပါဝင်ခဲ့ကြောင်း၊ လတ်တလော အနေအထားအရ ဖယ်ရှားရန် မဖြစ်နိုင်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေတာက ပုံမှန်အခြေအနေမှ မဟုတ်ဘဲ၊ တချိန်ချိန်မှာ ကျနော်တို့က တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်ပေါ်လာဖို့ဆိုရင် ရွေးကောက်ခံ ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းတဲ့ လွှတ်တော် ဖြစ်ရမယ်၊ ဒါက ကျနော်တို့ နိုင်ငံရေး ရည်မှန်းချက်၊ သို့သော်လည်း ကျနော်တို့ နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအရ ပြောရရင် ၁၉၆၂ ကတည်းက စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ရုံတင် မကဘဲနဲ့ သူက လွှမ်းမိုးတဲ့ အခြေအနေမှာ တောက်လျှောက်ဖြစ်လာတဲ့ အခါကြတော့ လတ်တလော ဖယ်ရှားဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သို့သော် တဖြည်းဖြည်းနဲ့ နိုင်ငံရေး တည်ငြိမ် ရင့်ကျက်လာတာနဲ့အမျှ နောက်တစ်ခါ စစ်တပ်နဲ့ အရပ် ဖက်၊ စစ်ဖက် ဆက် ဆံရေးကို ပုံမှန်အခြေအနေ ဖြစ်အောင် ကြိုးစားနိုင်တာနဲ့အမျှ တဖြည်းဖြည်းသာ စစ်တပ်ကို ပြန်ပြီးတော့ ဆုတ်ခွာဖို့ ကျနော်တို့ ကြိုးစားကြရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် ဆုတ်ခွာမှ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြောဆိုမှုများလည်း ရှိနေသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “အဓိကကတော့ ဖွဲ့စည်းပုံလို့ ပြောလို့ ရပါတယ်။ ဒီလို ပြောလိုက်လို့ ရှိရင်လည်း ဖွဲ့စည်းပုံဆိုတာ စာအုပ်တစ်အုပ်ပဲ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံကို လိုက်နာ ကျင့်ကြံဖို့ ဆိုလို့ရှိရင် လူသားတွေကပဲ လိုက်နာကျင့်ကြံရတာ ဖြစ်ပါတယ်။ လိုက်နာကျင့်ကြံဖို့ပဲ အဓိက ကြိုးပမ်း ရတာ ဖြစ်ပါတယ်။ အာဏာခွဲဝေမှုပါပဲ။ ဖွဲ့စည်းပုံဆိုတာ ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ ဘယ်လို အာဏာခွဲဝေ မလဲ၊ တနည်းအာဖြင့် ပြောရမယ်ဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အသီး သီး ကိုယ့်ဒေသကို အုပ်ချုပ်လိုတယ်၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်တိုင် လုပ်ချင်ကြတယ်ဆိုတဲ့ ရည် မှန်းချက်နဲ့ပဲ အလုပ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီအာဏာခွဲဝေရေးကို ကျမတို့ ဘယ်လို ညှိနှိုင်းလို့ ရမလဲဆိုတာကတော့ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ(NSPNC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံမှုတွင်လည်း နိုင်ငံရေး ပါတီများမှ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် နောက်ဆုတ်ရန် တင်ပြတောင်းဆိုမှုများ ရှိသည်။
မြန်မာ့တပ်မတော် ဆန့်ကျင်ကြောင်း ဆန္ဒပြနေစဉ် (ဖရွန်တီးယားမြန်မာ)
ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက “မြန်မာ့နိုင်ငံရေးမှာ တပ်မတော် နောက်ဆုတ်ဖို့ဆိုတာ တပ်မတော်ကတော့ အဲဒီ သဘောထား ပေးလိမ့်မယ် မထင်ဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံမှာက ပါဝင်ပတ်သက်တဲ့ လူတွေ တကယ်လို့များ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မူအပေါ်မှာ ခိုင်ခိုင်မာမာ နိုင်ငံရေး သဘောတူညီချက်တွေ ရယူဖို့ လိုလိမ့်မယ်၊ နိုင်ငံရေး သဘောတူညီချက် ရယူပြီးမှ ဒီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုလိမ့်မယ်ထင်တယ်၊ အမြန် ဆုံး အကောင်အထည်ဖော်နိုင်မှ ဒီမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာက ပြီးပြတ်မှု ဖြစ်သွားလိမ့်မယ်၊ အဲဒီလို အဖွဲ့တစ်ဖွဲ့ရဲ့ သဘောထားကို လိုက်ပြီး အကောင်အထည်ဖော်တဲ့ ပုံစံမျိုးဆိုရင်တော့က မြန်မာနိုင်ငံ နိုင်ငံ ရေး ပြဿနာက ဖြေရှင်းလို့ရနိုင်မယ့် အခြေအနေမျိုးမှာ ဖြေရှင်းဖို့အတွက် ရနိုင်မယ်လို့က မမြင်ဘူး။ အဲဒါကြောင့် အဓိက အရေးကြီးတာက တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်တဲ့ သူတွေ တွေ့ဆုံပြီးရင် နိုင်ငံရေးသဘောတူချက် တစ်ရပ် ရယူပြီးမှ အဲဒီသဘောတူညီချက်ကို အမြန်ဆုံး လက်တွေ့ အကောင်အထည်ဖော်တဲ့ အစီအစဉ်တွေနဲ့ လုပ်ကိုင် ဆောင်ရွက်မှသာ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာ ပြီးပြတ်မယ်လို့ မြင်တယ်၊ ဒါကတော့ ကျနော့်အမြင်ပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ လွှတ်တော်၌ ရွေးကောက်ခံစရာ မလိုဘဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ကိုယ်စားလှယ်ခန့်အပ်ခွင့် ရရှိထားသည်။
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၆ (စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားသည်။
တချို့သော နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ မြန်မာ့တပ်မတော်ကို နိုင်ငံရေးက ဆုတ်ခွာဖို့ တောင်းဆို နေသော်လည်း လက်နက်ကိုင်အဖွဲ့များကလည်း နိုင်ငံရေးက ဆုတ်ခွာဖို့လိုအပ်ကြောင်း၊ သို့မဟုတ်ပါက တပ် မတော်ကို နိုင်ငံရေးက ဆုတ်ခွာဖို့ ကြိုးပမ်းချက်မှာ အကောင်အထည် ပေါ်လာဖို့ အားနည်းနိုင်ကြောင်း သုံးသပ် ကြသည်။